ခမ်းသားငေါဝ်း
ဇန်နဝါရီ ၉၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သူခိုး၊ဓားပြ၊လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
သူခိုးများသည် လက်ဖက်၊ ငရုတ်သီး၊ အာလူး၊ဆိုင်ကယ်များ ခိုးယူမှု ဆိုးဆိုးရွားရွား အခြေအနေရှိလာနေပြီး ဒေသခံများ အခက်ခံကြုံတွေ့ စေရကြောင်းဆိုသည်။
“လက်ဖက်၊ငရုတ်သီးတို့ဆို အိမ်မှာလူမရှိရင် မလှန်းရဲတာ့ဘူး။ ခိုးပြီဆိုလည်းကိုယ်လှန်းထဲ့ထားတဲ့ ဖျာကိုတောင် မပြီး ခိုသွားတယ်။ အရမ်းဆိုးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် နန်းပန်းကျေးရွာရှိ အိမ်တစ်အိမ်က အိမ်တွင်းရှိ လက်ဝတ်ရတနာရွှေသားအချို့ ပျောက်ဆုံးမှုရှိခဲ့ကြောင်း သိရသည်။
“သူတို့အိမ်က လူဝင်လူထွက်လည်းများတယ်။အဲတာ သူခိုးက ဘယ်လိုခိုးသွားတာလဲမသိဘူး။ခုထိလည်း သူခိုးကိုမမိသေးဘူး”ဟု နန်းပန်းရွာသူတစ်ဦးက ပြောသည်။
ထို့အပြင် ဒီဇင်ဘာ၂၈ ရက်နေ့တွင်လည်း ငရုတ်သီးခြံသို့ သွားသည့်တောင်သူနှစ်ဦးကို ဥဆောင်ရွာနားအရောက်တွင် လူတစ်စုက ဓားမြတိုက်ခဲ့ကြောင်း သိရသည်။
“သူတို့က မနက်၅နာရီ‌ကျော် အစေားကြီးငရုတ်သီးခြံကို ဆင်းတာ ဓားပြတွေက ဆိုင်ကယ်ကိုတားတယ်။ ပြီးတော့ ပါလာသမျှထုတ်ခိုင်းတယ်။ဆိုင်ကယ်ကိုလည်း ပေးခဲ့ရတယ်။ ဆိုင်ကယ်တောင်သိပ်မကောင်းဘူး။မပေးရင် လူကိုသတ်မယ်ခြိမ်းခြောက်သေးတယ်”ဟု ပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဒီဇင်ဘာလ၂၀ ရက်နေ့တွင်လည်း ပင်လောင်းမြို့ ကောင်ဗာ-ထီဗိရွာ လယ်ကွင်းအနီးတွင် ဆောင်းပြောင်းဆေးရုံမှ တောင်ကြီးဆေးရုံသို့လူနာလွဲပြောင်းသည့် လူနာတင်ကားကို အုပ်စုလိုက်ဓားပြတိုက်မှု ဖြစ်ပွါးခဲ့သည်။
ပင်လောင်းတွင် ကျေးရွာတိုင်း ကျေးရွာတိုင်းအား PNOပြည်သူ့စစ်က လုံခြုံရေးများကို ချထား သော်လည်း ယခုကဲ့သို့ ခိုးယူလုယက်မှု၊ဓားပြတိုက်မှုများကို အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိ ကြောင်း ဒေသခံက ပြောဆိုသည်။
ပင်လောင်းမြို့ တောင်ဖက် ဒေသခံတစ်ဦးကလည်း “PNO သိုင်းသင်တန်းတက်တဲ့လူက ရွာတိုင်းရှိပါတယ်။သူတို့ကအာဏာဘဲပြနေတာ။ရွာကို ကာကွယ်တာတို့ ဦးဆောင်တာတို့ကျ မလုပ်ပေးဘူး။သင်တန်းမတက်တဲ့ရွာသားကိုဘဲ အလှည့်ကျ စောင့်ခိုင်းတာ”ဟု ပြောသည်။
ပင်လောင်းဒေသတွင် သူခိုးများ၊ဓားပြများ ပေါများ နေသည့်အပြင် ဆေးကြောင်သူများ၊ မူးယစ်ဆေးဝါးသုံးစွဲသမားများလည်း တစ်နေ့ထက်တစ်နေ့ပိုမိုများပြား လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *