ခမ်းသားငေါဝ်း
ဇန်နဝါရီ ၆၊၂၀၂၄
ပင်လောင်းတောင်ဖက်တွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ်ရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မိုးကာ၊ အနွေးထည်၊စောင်များ အရေးပေါ်လိုအပ်‌ နေကြောင်း ဇန်နဝါရီ ၆ ရက် နေ့တွင် သိရသည်။
ဖယ်ခုံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဖက်မှ ရပ်ကွက်နှင့် ကျေးရွာများထဲတွင် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများ ပစ်ခတ်လာခြင်းကြောင်း ဒေသခံများ ဘေးကင်းရာ ပင်လောင်းမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“သူတို့ ရောက်လာတာ ၃ ရက်ဘဲရှိပါသေးတယ်။လမ်းလည်းပိတ်ထားတော့ တောလမ်းက နေထွက်လာရတဲ့သူလည်းပါတယ်။အဓိက စောင်နဲ့ စားနပ်ရိက္ခာ ပေါ့။ အခုက ရွာသားတွေ နည်းနည်းစီ ကူညီထားတာ တွေရှိတယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
ထပ်မံရောက်လာသည့် စစ်ရှောင်များသည် လှုဦး‌ ရေ၂၀၀ ဝန်းကျင်ရှိပြီး နောက်ထပ်ရောက်လာမည့်သူများလည်း ရှိကြောင်း ဆိုသည်။
“သူတို့ထွက်နိုင်ဖို့ကြိုးစား နေတယ်။ သူတို့လည်း လှုဦးရေများမယ်။ အဲဒီအတွက် ရောက်လာရင် နေရာ အဆင်သင့် ဖြစ်အောင်လည်း ကျွန်တော်တို့ဖက် ကြိုးစားနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာဘုန်းကြီးကျောင်း၊စာသင်ကျောင်းပျက်စီးခဲ့သည့်အပြင် လုံးကာရွာ အမျိုးသားတစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
ယခုအခါတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖယ်ခုံမြို့အဝင်အထွက်ကို ထိန်းချုပ်ထားပြီး ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေအရ အသွားအလာမပြုလုပ်ကြရန်လည်း တော်လှန်ရေးအဖွဲ့များက သတိပေးထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *