ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် နယ်မြေ ၁ ရွာသစ်ကုန်းအတွင်း၌ ယနေ့ဇန်နဝါရီလ ၈ ရက်နေ့ လူနေအိမ်တစ်လုံးဖောက် ထွင်းခံရပြီး ပစ္စည်းခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်သည် ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပညာဗောဓိလမ်း လမ်းခွဲ (၄) နေအိမ်တစ်အိမ် အတွင်းကို သူခိုးများမှ လာရောက်ဖောက်ထွင်းပြီး အိမ်တွင်းရှိတန်ဖိုးရှိပစ္စည်းများ ထည့်ထားသော သေတ္တာအလုံးလိုက်အခိုးခံရခဲ့ရကြောင်းရပ်ကွက်ခံများထံမှသိရသည်။
“အိမ်ရှင်အမျိုးသမီးက အပြင်ထွက်တာ ၁၀ နာရီ လောက်ပြန်လာတော့ တံခါးကဖွင့်ထားပြီ။ အိမ်ထဲ သေတ္တာအလုံးလိုက်မသွားတာကြားတယ်။ သေတ္တာထဲက ပိုက်ဆံနဲ့ရွှေတွေ၊ အိမ်ထောင်စုဇယားတွေ၊ နောက်ပြီးတော့ မြေကာရန်တွေရှိတယ်လို့တော့ကြားတယ်၊ ပိုက်ဆံတွေရွှေတွေဘယ်လောက်ပါသွားလည်းတော့မသိဘူး “ဟုရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပစ္စည်းခိုးယူသွားသည့် သူခိုး၏ နောက်ကို ရပ်ကွက်နေ အမျိုးသားများက ဖမ်းရန်နောက်လိုက်ခဲ့ကြသော်လည်း သူခိုးခြေရာဖြောက်မြန်ပြီး လိုက်မမှီခဲ့ကြောင်းဆိုသည်။
ရပ်ကွက်နေအမျိုးသားတစ်ဦးကလည်း” ခိုးတာတန်းသိပြီး အိမ်ရှင်အမျိုးသားနဲ့ နောက်ရပ်ကွက်ထဲယောက်ျားနေတွေလိုက်တာမမိဘူး။ သူခိုးကအကွက်ချောင်းထားပြီးသားဖြစ်မယ်။ နောက်သူခိုးက ၂ ယောက်လို့တော့ ခြေရာလက်ရာအရ ခန့်မှန်းကြတာပေါ့ဗျာ။ခုလိုရပ်ကွက်ထဲလာခိုးတာ မကြာခဏဖြစ်လေ့ရှိတယ်။ဖမ်းမိဖူးတယ် ရိုက်နှက်ဖူးတယ်သူခိုးကမမှတ်ဘူးရှိတုန်းပဲ” ဟုပြောသည်။
ဘုရားဖြူရပ်ကွက် နယ်မြေ ၁ အတွင်းသည် သူခိုးများမှ မကြာခဏ ဆိုသလို လူတိတ်ဆိတ်ချိန်တွင် လာရောက်ခိုးလေ့ရှိကြောင်းနှင့် ဖမ်းမိသောအခါရွာခံများဝိုင်းရိုက်နှက်ပြီး ရဲလက်အပ်သော်လည်း ပြန်လွတ်ပေးနေကြောင်းစုံစိမ်းသိရသည်။
တောင်ကြီးမြို့တွင်း ဘုရားဖြူရပ်ကွက်အပြင် အခြားသောရပ်ကွက်များအတွင်းလည်း လူနေအိမ်ဖောက်ထွင်းခြင်း၊ ဆိုင်ကယ်ဝင်ခိုးခြင်းစသည်များမကြာခဏဖြစ်ပွားလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *