ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၀၊၂၀၂၄
တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် နိုင်ငံခြားသွားရန် နိုင်ငံကူးလက်မှတ်ပတ်စပိုစ့်၊ ပီဇာ လုပ်​ပေးမည်ဟုဆိုကာ ဒေသခံလူငယ်များထံ ငွေလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရပါသည်။
တောင်ကြီးမြို့အနီးရှိ ထီသိမ်၊ ထီခုံး၊ ဖက်ကွန်၊ ရေတံခွန်၊ နတ်ကန်၊ ပလီလင်းနှင့် ပေါမူကျေးရွာများတွင် နေထိုင်သည့် လူ(၁၀၀)ကျော်ထံမှ တစ်ဦးလျှင် ငွေ ၈ သိန်းကျပ် ငွေကြေးလိမ်လည်ခံရကြောင်း လိမ်လည်ခံရသူနှင့် နီးစပ်သူတစ်ဦးက ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောဆိုသည်။
“ရက်သတ္တပတ်မကျော်ခင်ကပါ၊ ခံရတဲ့သူ ကာယကံရှင်ထဲမှာ ကျွန်တော့်သူငယ်ချင်းတွေလည်းပါတယ်။ နိုင်ငံခြား မလေးရှားသွားမယ်ဆိုပြီး ပတ်စပိုစ့် ၊ပီဇာကို ၈ သိန်းနဲ့ လူ ၁၀၀ ကျော်လောက် Agent ပွဲစားက လိမ်သွားပါတယ်။”ဟု လူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပလီလင်းရွာခံအမျိုးသမီးတစ်ဦးကလည်း “ပလီလင်းမှာက ၅ ယောက်ပါတယ်။ တစ်ယောက်ကို ၁၃ သိန်းစီလို့တော့ကြားထားတယ်။ လိမ်တဲ့သူက ကျော်သူ ဆိုသောနာမည်နဲ့ ၊ အဲ့လူလိမ်က ဟိုပုံးကလို့တော့ပြောတယ်။ ထီသိမ်တို့ နတ်ကန်းတို့ထိတောင်ဆိုလား၊ လူအယောက်ပေါင်း ၇၀ ကျော်လို့လည်းပြောကြတယ်၊ တစ်ရွာနည်းနည်းပေါ့၊ လူအများကြီးပဲလိမ်သွားတာ”ဟု ပြောသည်။
နိုင်ငံခြား ပြည်ပသွားရန်ပတ်စပိုစ့်အကြောင်းပြုပြီး ငွေလိမ်လည်သမားများသည် ပအိုဝ်းကျေးရွာများကို ပစ်မှတ်ထားကာ လိမ်လည်နေကြောင်း ဒေသခံများက ဆိုသည်။
“အဲ့သတင်းကဒီရက်ပိုင်းမှာကြားမိတာအမှန်ပဲ ခုခေတ်အခြေနေအရ လူငယ်တွေက ပြည်ပသွားချင်စိတ်ပြင်းပြနေတော့ ကြားမှာပွဲစားတွေကလုပ်စားသွားတာမျိုးပါ။ အဲ့လိုအကြောင်းအမျိုးမျိုးပြလိမ်တာကို မယုံကြဖို့ သတိထားဖို့လိုတယ်။အထူးသဖြင့်ရွာခံတွေက အဲ့အကြောင်းအရာတွေ နားမလည်ကြဘူးလေ၊ လုပ်ဖို့ သွားဖို့နဲ့ တောင်းသလောက်ပေးတာ၊ ခုချိန်မှာ လူတိုင်းကိုယုံလို့မရတော့ဘူးဆိုတာသိသင့်တယ်”ဟု တောင်ကြီးမြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။
အဆိုပါ ငွေလိမ်သွားသောသူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် လိမ်ခံရသူမည်မျှရှိသည်ကို သိရှိရန် ခမ်းသားငေါဝ်းမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *