ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်နှင့်မြို့အနီးအနားပတ်ဝန်းကျင်တို့တွင် အိမ်ငှားရမ်းခဈေးမြင့်တက်လာခြင်းကြောင့် လာရောက်ငှားရမ်းနေထိုင်သူများအခက်ခဲဖြစ်နေကြောင်းသိရသည်။
မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားပတ်ဝန်းကျင်ရွာတို့တွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်၍ အိမ်ငှားခဈေးတက်နေပြီး ငှားနေရန်အခက်ခဲရှိလည်းရှိနေကြောင်းလာရောက်နေထိုင်သူအချို့ပြောဆိုသည်။
“မြို့ထဲနဲ့ မြို့စွန်နေရာတွေတော့ကွာတာပေါ့၊ မြို့အစွန်တွေမှာဆို အိမ်လုံးခြင်းက ဈေးကြီးတယ် ၃ သိန်းခွဲ ၄ သိန်းအထက်တွေပဲလေ၊ နောက်ပြီးတော့ အိမ်လုံးချင်းငှားရင် နှစ်ဝက် ၆ လစာတို့ ချုပ်ပြီးငှားနေရတာမျိုးဆိုတော့ပိုခက်တာပေါ့၊ တစ်ကိုယ်ရေသမားတွေတော့ အိမ်ထက် အဆောင်ငှားနေတာကပိုဆင်ပြေတယ်၊ ဈေးကြီးလည်း တစ်လချင်းစီပေးလို့ရတော့အဆင်ပြေတယ်၊ မိသားစုသမားတွေကပိုခက်တယ်”ဟုတောင်ကြီးမြို့ပေါ်အိမ်ငှားနေသူအမျိုးသားတစ်ဦးကပြောသည်။
အမျိုးသမီးတစ်ဦးကလည်း “အိမ်ငှားဈေးက အရင်နှစ် နှစ်ဝက်ကျော်လောက်ကစပြီး ဈေးတက်နေတာပါ၊ လွိုင်ကော်ဘက်ကလာပြီး မိသားစုလိုက်ငှားနေကြတာများတယ်ကော ၊ လူတွေများလာတာရယ် ငှားအိမ်ရှားလာတာတွေပေါ့၊ အချို့ကငွေပိုတောင်း စားချင်တာတွေရှိတယ်လေ၊ တောင်ကြီးမှာကနည်းနည်းအေးချမ်းတော့ လူတွေကလာနေချင်ကြတာ ပိုက်ဆံကုန်ခံပြီးတော့ပေါ့၊ ဒါမဲ့အချို့သူက အဆင်မပြေတဲ့သူတွေအများကြီးရှိတယ်”ဟုပြောသည်။
အိမ်ငှားရမ်းခ ဈေးတက်နေခြင်းကြောင့် ကရင်နီပြည်ကနေမှ ရောက်လာသောစစ်ဘေးရှောင်များအခက်ခဲရှိနေသလို ကျောင်းတက်ရန်အဆောင်နေသည့်လူငယ်များ၊ ပြင်ပပညာရေးသင်တန်းကျောင်းတက်ရန်လာနေထိုင်သည့်လူငယ်များသည်လည်း အခက်ခဲရှိနေကြောင်းစုံစမ်းသိရှိရသည်။
တောင်ကြီး မြို့တွင် ကိုးရီးယားနိုင်ငံသို့အလုပ်သွားလုပ်ရန် ဘာသာစကားသင်တန်းတက်ရောက်သူနှင့် ဂျပန်နိုင်ငံသို့အလုပ်သွားလုပ်ရန် ဂျပန်ဘာသာစကားသင်တန်းတက်သည့်လူငယ်များ အများအပြားရှိကြသည်။
အိမ်ငှားနေထိုင်ရာ၌အခက်ခဲရှိနေသည့်အပြင် တောင်ကြီးမြို့ပေါ်အချို့ရပ်ကွက်အတွင်းတွင်သူခိုးများက လူနေအိမ်ဖောက်ထွင်းပြီး ပစ္စည်းခိုးယူခြင်းလည်းရှိနေခြင်းကြောင့် အဆင်မပြေမှုပိုများနေကြောင်းပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *