ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊၂၀၂၄
တောင်ကြီးမြို့တွင် စစ်ကောင်စီလက်‌ အောက်ခံများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား အတင်းအဓမ္မတက်‌‌ရောက်ခိုင်းပြီး ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်
MNDAA စစ်သားတစ်ဦး စေတီကို တူနှင့်ဖျက်ဆီးသည့် ရုပ်သံဗီဒီယိုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်‌ အောက်ခံအုပ်စုများက ဒေသခံတိုင်းရင်းသားပြည်သူများအား အတင်းအဓမ္မ အမိန့်ပေးပြီး တက်ရောက်ခိုင်းကာ ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့ တောင်ဖက် နှင့် မြှောက်ဖက် ကျေးရွာများရှိ ပအိုဝ်းတိုင်းရင်းသားများကို PNO ပြည်သူ့စစ်က တက်ရောက်ခိုင်းခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
“ဒီဖက်ရွာကျတော့ သူတို့က ဒီလူသွားရမယ် ဒီအိမ်က တစ်ယောက်သွားရမယ်ဆိုပြီး အမိန်းနဲ့လာတယ်။ ဘာသွားလုပ်ရမယ် ဆိုတာတော့ သူတို့မ ပြောသွားဘူး။”ဟု တောင်ကြီးမြှောက်ဖက် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အချို့ကျေးရွာတွင် MNDAA စစ်သားတစ်ဦးက စေတီကို တူဖြင့်ဖျက်ဆီးသည်နှင့်ပတ်သက်ပြီး MNDAA ကို ကန့်ကွက် ဆန္ဒပြရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှုများမှ တစ်ဆင့် ရွာသားများကို စေခိုင်းခဲ့ကြောင်း ဆိုသည်။
တောင်ကြီးမြို့ခံတစ်ဦးကလည်း”ပအိုဝ်းဝတ်စုံအပြည့်နဲ့ စစ်တပ်က ကားနဲ့ တန်ဆောင်တိုင်ကွင်းနားလူစုတယ်၊ နေရာအစုံ သူတို့လူစုတယ်။ ပအိုဝ်းဝတ်စုံနဲ့ဝတ်ထားတဲ့လူကို စစ်သားတွေ အပြည့်နဲ့ လုံခြုံ ရေးယူထားတယ်။ စစ်ကားအစီး၂၀ ကျော်မယ် “ဟု ပြောသည်။
ယခုဆန္ဒပြပွဲနှင့်ပက်သက်ပြီး PNO အနေဖြင့် စေခိုင်းခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးဘက်နှင့် သက်ဆိုင်ကြောင်း PNO တာဝန်ရှိသူတစ်ဦးက ပြောသည်။
PNO တာဝန်ရှိသူတစ်ဦးက “PNO က ဘာမှမသိဘူးနော၊ အုပ်ချုပ်ရေးမှုးလုပ်တာ၊ PNO မလုပ်ဘူးအဲလိုမျိုးတွေ၊ အုပ်ချုပ်ရေးမှူးက ခေါပြီးလုပ်တာ ကျွန်တော်တို့မသိဘူး။ ဒီနေ့မှသိရတာ၊ အုပ်ချုပ်ရေးသမားတွေ စီစဉ်ပြီးလုပ်တာ”ဟု ခမ်းသားငေါဝ်းကို ပြောသည်။
ဆန္ဒပြပွဲကို လူ၂၀၀၀ ဝန်းကျင်ဖြင့် ပြုလုပ်ရန် စီစဉ်ထားပြီး မြို့လည်ခေါင်ရှိ ပြည်နယ်ဘောလုံးကွင်းအတွင်း လူစုကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ၁၂ နာရီ၊ ၄၅ မိနစ်အချိန်တွင် စတင်ချီတက် ထွက်ခွာကြောင်းသိရသည်။
ဆန္ဒပြပွဲကို တောင်ကြီး၊ မန္တလေးနှင့်ရန်ကုန်မှ မဘသ အဖွဲ့ဝင်များနှင့် အစွန်းရောက်အမျိုးသားဝါဒီများ၊ စစ်တပ်ထောက်ခံသူများနှင့် နေ့စားခပေး ခေါ်သူများ ပူးပေါင်းပါဝင်ကြောင်း သိရသည်။
ကနေ့ တောင်ကြီး ဆန္ဒပြပွဲတွင် ပအိုဝ်း၊ ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားများပါဝင်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လတွင်လည်း ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားသည့် ရွာသားနှင့် သံဃာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်ပက်သက်ပြီး PNO က ရွာသားများကို အတင်း အဓမ္မဆန္ဒပြခိုင်းခဲ့ပြီး အဆိုပါဆန္ဒပြပွဲအတွင်း ပင်လောင်းမြို့နယ် နန်းနိမ်းရွာသား တစ်ဦးမျှပင် မပါဝင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *