ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၀၊ ၂၀၂၄
လိုအပ်ချက်များစွာရှိနေသည့် တီကျစ်ဒေသရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်များကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC မှတဆင့်ချိတ်ဆက်ပြီး ကိုးရီးယားရောက် နွေဦးဂီတအဖွဲ့က ကူညီပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရောက် စစ်ရှောင်များအတွက် ဆန်၊ဆီ၊ဆား အမျိုးသမီးအသုံး အဆောင်များကို ကိုးရီးယားနိုင်ငံရောက် နွေဦးဂီတအဖွဲ့က ဂီတရန်ပုံငွေရှာပြီး ဇန်နဝါရီ ၉ ရက်နေ့က ထောက်ပံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
‘’ ကျွန်တော်တို့တွေဟာ တော်လှန်ရေးတစ်ခုထဲပဲ အာရုံစိုက်နေလို့ မရဘူးလို့နားလည်ထားပါတယ်။စစ်ဘေးရှောင်များပြန်လည်ထူထောင်ရေးကိုလည်း အာရုံစိုက်ဖို့လိုကြောင်း တိုင်ပင်ဆွေးနွေးပြီး တစ်ဖက် မှာတော်လှန်ရေး၊ နောက်တစ်ဖက်မှာ စစ်ဘေးရှောင် ရန်ပုံငွေ ဂီတပွဲတွေ ကျင်းပပြီး ရရှိလာတဲ့ အလှူငွေများကို မြန်မာပြည်က စစ်ဘေးရှောင် မိဘပြည်သူဆီကို ရောက်ရှိအောင် ပို့ဆောင်ခြင်း ဖြစ်ပါတယ်”ဟု နွေဦးဂီတအဖွဲ့ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ပြည်ပရောက် တိုင်းရင်းသားညီအစ်ကိုယ်များသည် ပြည်တွင်းက တိုင်းရင်းသားညီအစ်ကိုယ်များနှင့်အတူ အမြဲတမ်းအတူရှိနေကြောင်းလည်း၎င်းကဆက်ပြောသည်။
တီကျစ်ရောက် ကရင်နီပြည်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက” ဒီလိုအကူညီက မရဖူးဘူးလေနော်၊ စားစရာလေး အကူညီရတော့ စိတ်ထဲပျော်တာပေါ့ အခက်ခဲလည်းကြုံနေရတာလေ၊ အမှန်တိုင်း အာဏာသိမ်းတာ သူတို့အရူး ထလို့ ဒီလိုဖြစ်တာ အစကတည်းက သူတို့ဒီလိုအာဏာမသိမ်းရင် ဒီလိုဖြစ်ချင်မှဖြစ်မှာ ပြည်သူတွေက အရှုံးတွေ ကြီးပဲ” ဟုပြောသည်။
“ကလေးတွေလည်းပါလာတယ်၊ ကိုယ့်ရဲ့ဒေသတွေလည်းမဟုတ်တော့အလုပ်အကိုင်လည်းမရှိဘူး၊ ကလေးတွေ ကျောင်းလည်း မတက်ခဲ့ရဘူး စစ်ရှောင်လာရတာဆိုတော့ စောင်တွေ လည်းလိုအပ်တယ်၊ အရမ်းဝမ်းနည်းမိ တယ် သူများကူညီပေးရတဲ့ဘဝရောက်ရမယ်လို့ တခါမှမတွေးထားဘူး၊ အိမ်ကိုလည်းလွမ်းတယ်၊ ပြန်ချင်တယ်” ဟု စစ်ရောင်ရသည့် ကျောင်းဆရာမတစ်ဦးကပြောသည်။
နွေဦးဂီတ Music band အဖွဲ့အနေဖြင့်ကိုးရီးယားနိုင်ငံရှိ မြန်မာစားသောက်ဆိုင်များ၌ စစ်ဘေးရှောင် ရန်ပုံငွေပွဲ ကျင်းပပြီး တခြားသော camping များဆက်လက်ပြုလုပ်ရန်ရှိသေးကြောင်းသိရသည်။
တီကျစ်ဒေသတွင်ရောက်ရှိသည့် စစ်ရှောင်ဦးရေ ၁၂၀ ရှိပြီး မသန်စွမ်း၊ ကလေး၊ သက်ကြီးရွယ်အိုများလည်း ပါရှိကြောင်း၊ ဆန်၊ဆီ၊ ဆား၊ စောင်နှင့် အမျိုးသမီးအသုံးအဆောင်၊ ကလေးအသုံးအ ဆောင်များ လိုအပ်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *