ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ကိုတအာင်းတပ်မတော် TNLAတပ်က ၈ ရက်ကြာအချိန်ပေးတိုက်ခိုက်ခဲ့ပြီး အလုံးစုံသိမ်းပိုက်ခဲ့ကြောင်းသိရသည်။
ကွတ်ခိုင်မြို့အတွင်း အခြေချလှုပ်ရှားသော စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းအပါ ၂၄၁၊၂၄၂တပ် နှင့် ၄၈ တပ်တို့ကို တိုက်ခိုက်ပြီး မနေ့ည ၇ နာရီအချိန်တွင် အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။
“ကွတ်ခိုင်ကတော့ မနေ့ညက ကျွန်တော်တို့အဖွဲ့တွေက အားလုံးစုံနယ်မြေရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်၊ အသေးစိတ်ကိုတော့ အတိကျမသိသေးဘူး။”ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ခမ်းသားငေါဝ်းကိုပြောသည်။
၂၀၂၄ ခုနှစ် ပထမလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့သလို ဒီဇင်ဘာလအတွင်း၌လည်း နမ်ဆန်၊နမ့်ခမ်း၊မန်တုံ၊နမ္မတူ၊မိုင်းလုံ၊မိုင်းငေါ့မြို့တို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးရှမ်းမြောက်( ၇) မြို့ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသူကဆက်ပြောသည်။
(၈) ရက်ကြာကွတ်ခိုင်မြို့သိမ်းပိုက်ပွဲတွင် ပြည်သူထိခိုက်မှုများ၊ လူနေအိမ်ပျက်စီးမှုများရှိသလို TNLAဘက်ထိခိုက်ကျရှုံးမှုတို့သည် အသေးစိတ်မသိရှိရသေးကြောင်းဆိုသည်။
လက်ရှိယနေ့အခြေနေသည် ကွတ်ခိုင်မြို့က တိတ်ဆိတ်နေသော အနေအထားရှိနေပြီး စစ်ကောင်စီလှုပ်ရှားမှုမရှိတော့ကြောင်းသိရသည်။
TNLAတပ်အနေဖြင့် မြို့သိမ်းတိုက်ပွဲအပြင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီ၏ တပ်စခန်းအကြီး အသေးစုစုပေါင်း (၇၆)ခုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ စစ်ပစ္စည်းအသုံးအဆောင်များလည်းသိမ်းဆည်းနိုင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *