ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံးဝမရှိတော့ကြောင်း MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ကိုးကန့်ဒေသလောက်ကိုင်မြို့ကို ဇန်နဝါရီ ၅ ရက်နေ့၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ဟုလည်းသိရသည်။
“ကိုးကန့်ဒေသတစ်ခုလုံးတော့ အခုစစ်ကောင်စီတပ်ဖွဲ့ဝင် လုံးဝမရှိတော့တဲ့ အနေအထားမှာ ရှိပါတယ်” ဟု MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ လီကျာဝင်းကခမ်းသားငေါဝ်းကိုပြောသည်။
လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)မှ ဗိုလ်မှူးချုပ်အဆင့် ၆ ဦး၊အရာရှိ ၂၂၈ ဦးနှင့် အခြားသော အရာရှိအရာခံရဲဘောများ အခြားသောအဆင့်ရှိသူများအပါအဝင် ၂ထောင်နီးပါးအလင်းဝင်လာကြကြောင်းညီနောင်မဟာမိတ်ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ မိသားစုဝင်(၁၆၀၁)ဦးတို့လည်း အတူအလင်းဝင်လာခဲ့ကြောင်းသိရသည်။
“လူဦးရေကိုတော့ အတိကျမသိရဘူးဗျ၊ ဘာလို့လဲဆိုတော့ အလင်းဝင်တာ တောက်လျောက်ရှိတယ်” ဟု လီကျာဝင်းကပြောသည်။
စစ်ကောင်စီတပ်၏ အလင်းဝင်လာသည့်ပုံစံသည် နှစ်ဦးနှစ်ဖက်တိိုင်ပင်ဆွေးနွေးကြပြီး တိုင်ပင်ဆွေးနွေးမှုကြောင့် ရလာသည့်သဘောတူညီချက်အောက်တွင် အလင်းဝင်လာကြခြင်းဖြစ်ကြောင်းသူကဆက်ပြောပြသည်။
လက်ရှိတွင် ကိုးကန့်ဒေသ လောက်ကိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး”ပါမကျန် ကင်းစင်သည့် နယ်မြေဖြစ်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး လက်နက်ချအညံ့ခံအလင်းဝင်လိုလျှင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြိုဆိုလက်ခံပေးနေကြောင်း၊ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းအသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *