ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၄
နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့ကဇန်နဝါရီလ (၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန(NUG)၏ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းမြောက် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့က ဇန်နဝါရီလ(၂)ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ကာ ယမန်နေ့ မနက်(၇း၃၀)နာရီခန့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားပါသည်။
သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်စခန်းအတွင်း စစ်ကောင်စီတပ်၏ Drone Jammer စက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းသည် စစ်ကောင်စီ၏ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၅)မိုင်သာ ကွာဝေးကြောင်း သိရသည်။
ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ဇန်နဝါရီလ(၃)ရက်နေ့ နေ့လည်(၂း၂၅)နာရီအချိန်တွင် ကား(၃)စီးဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ထပ်မံဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။
သံဘိုကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးဒုဗိုလ်ကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ တော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ(၁)ဦးကို ဖမ်းဆီးရမိခြင်းသည် ပထမဆုံးအကြိမ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *