ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၄
ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်ပျိုး‌တောင်သူများအတွက် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ လိမ္မော်သီးစိုက်ပျိုး‌တောင်သူများသည် ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက် တောင်သူတစ်ဦးက ဇန်နဝါရီ ၃ ရက်နေ့တွင် ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် စားသုံးကုန်အမျိုးမျိုး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး စိုက်ပျိုးသီးနှံ့ထွက်ကုန်များက ဈေးကောင်းမရသဖြင့် လိမ္မော်စိုက်တောင်သူများစားဝတ်နေရေးအခက်ခဲကြုံတွေ့နေရကြောင်း ဆိုသည်။
“အရင်က လိမ္မော်တစ်ခြင်း ရောင်းရင် ဆန်တစ်အိတ် ရနေပြီ။ အခုက ၃ခြင်း ၄ခြင်းရောင်းမ ဆန်တစ်အိတ်ပဲရတယ်။ ဒီနှစ်က မြေဩဇာဈေး၊ဖျန်းဆေး တွေလည်း ဈေးကြီးတော့ လုံဝကိုမကိုက်ဘူး။အရင်းတောင်ပြန်မရဘူး”ဟု လိမ္မော်စိုက်တောင်သူတစ်ဦးက ပြောသည်။
လိမ္မော်သီးတစ်ခြင်းသည် ၃၀ ပိဿာကျော်ရှိပြီးယခင်နှစ်များတွင် လိမ္မော်သီးတစ်ခြင်း‌‌ကို ကျပ်ငွေ တစ်သိန်း ကျော်ရရှိပေမဲ့ ယခုနှစ်တွင် ငွေ ‌၄၀၀၀၀ (လေးသောင်း) ကျပ်ခန့်သာရရှိသဖြင့် ထက်ဝက်ကျော်ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။
“ဒီနှစ်က မိုးလည်းမမှန်ဘူး။ အသီးနာတာ၊ပိုးကိုက်တာ၊အသီးမလှတာလည်းများတယ်။အဲ‌‌တာကြောင်းလည်း ဈေးနိမ်တာ ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
စိုက်ပျိုးရေးကို အခြေခံပြီး မိသားစုစားဝတ်နေရေးရပ်တည်ရသည့် စိုက်ပျိုးရေးလုပ်တောင်သူများသည် စိုက်ပျိုးသီးနှံ့‌ ဈေးကောင်းမရသဖြင့် စားဝတ်နေရေးအတွက် လူငယ်အများစုသည် ပြည်ပသို့ထွက်အလုပ်လုပ်သူ များလာကြောင်း ဆိုသည်။
ရွာငံမြို့နယ်တွင် လိမ္မော်သီး၊ လက်ဖက်နှင့် ပြောင်းသီးနှံများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *