ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၄
ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွှာအနီးမှ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈) ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များက တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူက ယနေ့တွင် ထုတ်ပြန်ထားပါသည်။
ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် စစ်ကောင်စီ၏ စခန်းအနီးအနားတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်၏ ကာကင်းစခန်းများနှင့် ၎င်းတို့ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် တံတားတခုအပါအဝင် ကာကင်းစခန်း(၈)ခုကို (K.N.L.A) ဦးဆောင်သည့် လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း ဆိုထားပါသည်။
အဆိုပါ သံလမ်းတံတားကင်း၊ စာသင်ကျောင်း ကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားအပါ ကာကင်းစခန်း(၈)ခုကို ယနေ့နံနက် (၄)နာရီခွဲမှ (၅)နာရီခွဲအထိ တစ်နာရီကြာအတွင်း တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ချေမှုန်း ရှင်းလင်းစဉ်အတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုစာရင်းများကို စစ်ဆေးအတည်ပြုနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
ဓါတ်ပုံ − ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်း များနှင့် ချိုးဖျက်ခဲ့သည့် စစ်ကောင်စီ၏ ရိက္ခာသယ်ယူ ပို့ဆောင်ရေးအတွက် အရေးကြီးသည့် တံတား။

Leave a Reply

Your email address will not be published. Required fields are marked *