ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၄
ငရုတ်သီးစိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်သီးဈေးမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ ငရုတ်သီးစိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်သီးဈေးမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း တောင်သူတစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့တွင် ပြောဆိုသည်။
ယခင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ငရုတ်သီး အခြောက်တစ်ပိဿာကို ၁၅၀၀၀ ကျပ်အထိရရှိပြီး ယခုနှစ်သတွင် ငရုတ်သီး အခြောက်တစ်ပိဿာကို ၆၀၀၀ မှ ၈၀၀၀ ကျပ်ခန့်သာရရှိကာ ငရုတ်သီးဈေးအဆမတန်ကျဆင်းနေကြောင်း တောင်သူများထံမှ သိရသည်။
” အခုနှစ်က စိုက်ပျိုးစရိတ်လည်း ဈေးအရမ်း မြင့်တယ်။အခုလို ဈေးမရှိတော့ အရင်းတောင် ပြန်မရပါဘူး။ ဒီနှစ်က လမ်းကြောင်းအခြေအနေအရ အောင်ပန်းအထိ သွားမရောင်းနိုင်ဘူး။ ရွာထဲရှိတဲ့ပွဲစားတွေဆီဘဲ ရောင်းကြတယ်။ရွာထိဝယ်တယ်ဆိုတော့ ဈေးအရမ်းနိမ်တယ်”ဟု လွယ်ထွယ်ရွာ ငရုတ်စိုက် တောင်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ ‌‌‌‌‌
ယခုနှစ် ငရုတ်သီးခူးချိန်တွင် မိုးများသည့်အတွက် ငရုတ်သီးမှိုတက်ခြင်း၊ အသီးမလှခြင်း၊ အသီး အရောင်ဖြူဖြစ်ခြင်း၊ ငရုတ်သီးများပျက်စီးခြင်း ကြုံတွေ့ရကြောင်း သိရသည်။
“ခူးတဲ့အချိန် မိုးလည်းရွာတော့အသီးထဲ ရေဝင်ကုန်ပြီး အသီးကဖြူကုန်တယ်။ အဲလိုအသီးဆိုပွဲစားကမဝယ်ဘူး။ အရင်းမရ ရအောင်အနီလုံးလေး တွေ သေချာ ပြန်ရွေးထုတ်ရတယ်။”ဟု ၎င်းက ဆက်ပြောသည်။
ဆီဆိုင်မြို့နယ်အရှေ့ဖက်ရှိ လွယ်ထွယ်၊လွယ်ပွတ်၊မီရဲ့ ကျေးရွာအ‌များစုတွင် ငရုတ်သီး၊ ပြောင်း၊ပဲစင်းငုံများကို အဓိက စိုက်ပျိုးကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *