ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊၂၀၂၄
ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောဆိုသည်။
အဆိုပါစစ်ရှောင်များသည် ၎င်းတို့မှ ပါ‌‌လာသော ဆန်များမှာ အချိန်ကာလကြာလာသည်နှင့်အမျှ ကုန်သွားပြီးနောက် အလှူရှင်ကိုသာ အားကိုး မျှော်မှန်း နေရပြီး ယခုကာလတွင် ရာသီဉတုက ပိုအေးလာသဖြင့် အနွေးထည်များ၊ စောင်များ အဓိက လိုအပ်နေ ကြောင်း ဆိုသည်။
“ပင်လောင်းက အရမ်းအေးတယ်။လွိုင်ကော်ဖက် ရာသီဉတုနဲ့ ဒီဖက်ရာသီဉတုက အရမ်းကွာတော့ တစ်ချို့က ဖျားနာတာတွေဖြစ်တယ်။ဒီဖက်မှာက အလုပ်အကိုင်လည်းမရှိတော့ ဝင်ငွေလည်းမရှိဘူး။အလှူရှင်လာတာကိုဘဲ မျှော်နေရတာ”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ရှောင်များအတွက် အလှူငွေရရှိမှုနည်းပါးလာသည့်အပြင် ကူညီထောက်ပံ့ရေးတွင် ကုန်ဈေးနှုန်း ကြီးမြင့်လာသဖြင့် အခက်အခဲများနှင့်ရင်ဆိုင်နေရ ကြောင်း စစ်ရှောင်ကူညီသူက ဆိုသည်။
“အရင်ကက စောင်တစ်ထည် တစ်သောင်းဘဲရှိတယ်။ခုက တစ်ထည်နှစ်သောင်းကျော်တယ်။အဲလိုဘဲ ဆန်၊ဆီ၊ဆား တွေကအစ ဈေး သုံးဆ၊လေးဆတက်တော့ စိန်ခေါ်မှု အရမ်းများတယ်။စားနပ်ရိက္ခာ အသုံးအဆောင်ပစ္စည်း ဝယ်နိုင်ပြီထား လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊ ကားဆီဈေး ထိုးတက်တာတွေ ဆီထည့်မရတာတွေ ကြံရသေးတယ်။ အခက်အများကြီးရှိတယ်”ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
ပင်လောင်းတောင်ဖက်တွင် စစ်ရှောင်စခန်း၂၀ ကျော်ရှိပြီး ပင်ခွန်၊‌ဆောင်ခါး၊ဝါးလီ၊ဗန်းမောက်၊နမ်းဖာမူ၊ဝါးပြုံး၊ရင်းမှီး၊ရေဦး၊ကုန်းသာ၊နန်းတုတ်ကျေးရွာများရှိ စစ်ရှောင်စခန်းတွင် အများဆုံး ဖြစ် ကြောင်း သိရသည်။
ပင်လောင်းတောင်ဖက်တွင် စစ်ရှောင်ဦးရေ နှစ်သောင်းနီးပါးရှိပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများ အများစုဖြစ်ပြီး ကရင်နီပြည်မှ စစ်ရှောင်များဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *