ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊၂၀၂၄
ပင်လုံမြို့တွင်း မြို့ကိုဖြတ်မောင်းနှင်သည့်တွဲကားများသည် အရှိန်မလျော့ပဲ အမြန်မောင်းနှင်နေကြပြီး အန္တရာယ်ရှိနိုင်သဖြင့် အဆိုပါတွဲကားများကို ထိရောက်သည့်အရေးယူမှု ပြုလုပ်‌ပေးစေလိုကြောင်း ပင်လုံမြို့ခံများက ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်း ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပင်လုံမြို့ရှိ မဟာရဋ္ဌာဘိသာမဂ္ဂီဘုရားရှေ့နှင့် ရေကန်ရှေ့တွင် တွဲကား ၆ စီးက ကားငယ်ကို အတင်းကျော်မောင်းရာ ကျူရှင်သွားသည့် ကျောင်းသားများ နှင့် လမ်းလျောက်ထွက်ပြည်သူအချို့ အထိတ်တလန့်ဖြစ်ခဲ့ရပြီး အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။
“ဒီနေ့ကဆို တအားမောင်းတယ်။ ပြိုင်မောင်းသလိုမျိုးပဲ ကားငယ်ကိုအတင်းလိုက်ကျော်တာလေ၊ ဒီမနက် ကျွန်တော်လမ်းလျောက်ထွက်တာ ကျွန်တော်ရှေ့မှာတင်ပဲ ဝုန်းဝုန်းဆိုပြီး လေးငါးခြောက်စီးတောင် အဲ့ဒါနဲ့ ကျွန်တော်က အောဆဲလိုက်သေးတယ်၊ ဖြေးဖြေးမောင်းကြပါလားကွ ဆိုပြီး အဲ့ဒါတစ်စီးမှတောင် မရပ်ဘူး”ဟု ပင်လုံမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ကျူရှင်သွားသည့်ကလေးများ၊ လမ်းလျောက်ထွက်ပြည်သူများ၊ ဈေးသည်များနှင့် ဆိုင်ကယ်စီးပြည်သူများကအစ တွဲကားများ မြို့တွင်းအမြန်မောင်းခြင်းကြောင်း ယာဥ်တိုက်မှု ထိခိုက်မှုရှိလာမည်ကို စိုးရိမ်ကြရကြောင်း၊ တွဲကားများကြောင့် မကြာခဏ ပွတ်တိုက်မှုများ၊ ချိတ်မိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဓိကတော့တွဲကားပဲပေါ့၊ ကျွန်တော်တို့ ဆိုင်ကယ်စီးတဲ့လူတို့ လမ်းကြားကနေထွက်လာရင် ရုတ်တရုတ်မထိန်းနိုင်ဘူးဆို သူတို့တိုက်သွားမှာပဲ။ မြို့ထဲကုန်တင်ကားတွေ လိုင်းကားတွေကတော့ အုပ်ချုပ်ရေးမှူးတွေကခေါ်ပြီးသတိပေးခဲ့ပြီ အဲ့ဒါကမပြောလိုဘူး အဆင်ပြေတယ် ခုဆိုးနေတာက တွဲကားသမားတွေပါ” ဟုသူကဆက်ပြောသည်။
ပင်လုံမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ည တွင် ဖုန်းဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီးနောက် ပြည်သူ၏လုံခြုံရေးအတွက် ည ၆ နာရီမှ နံနက် ၆ နာရီအထိ မြို့အဝင်အထွက်ပိတ်ထားပြီး တွဲကားများ မြို့ထဲကိုညဘက်ဝင်မရသဖြင့် နံနက်အစောပိုင်းတွင် အလုအယက်မောင်းကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ပင်လုံမြို့ခံအမျိုးသားတစ်ဦးကလည်း”ခုကမြို့ဝင်ပေါက်အားလုံးကို စောင့်ထားတယ်။ တွဲကားသမားတွေက လွိုင်လင်တိုးဂိတ်မှာ ဂိတ်စောင့်ကြတာ ပင်လုံဖွင့်တာနဲ့ ကွတ်တိရောက်အောင်သူတို့ကမောင်းလာတယ်၊ သူတို့ကတုံကင်ရဖို့ လုမောင်းနေကြတာလေ အဲ့ဒါကိုနားလည်တယ်။ ဒါမဲ့မြို့ထဲမှာဖြေးဖြေးမောင်းသင့်တယ်”ဟု ပြောသည်။
တွဲကားများ အမြန်မောင်းနေခြင်းကြောင့် ယာဥ်ထိန်းရဲများနှင့် သက်ဆိုင်ရာလူကြီးများမှ တာဝန်ယူ‌ ဆောင်ရွက်ပေးမှုမရှိပါက မြို့ခံလူငယ်အချို့မှာ ခံပြင်းနေသည့်အတွက် ဝိုင်းဝန်းပြီး အရေးယူရန်ဆန္ဒရှိနေကြကြောင်း ပြောဆိုကြသည်။
မြို့တွင်း တွဲကားအမြန်မောင်းခြင်းကြောင့် ကျောင်းသူကို ချိတ်ပါသွားခြင်း ၊ဈေးသည်ပြည်သူများကိုဝင်တိုက်ခြင်းများ ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါတွဲကားများသည် ယနေ့ချိန်အထိ မြို့တွင်းတွင် အမြန်မောင်းနှင်နေဆဲဖြစ်သည့်အတွက် ထိရောက်စွာသည့် အရေးယူမှုပြုလုပ်ပေးစေလို့ကြောင်း ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *