ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၄
ပင်လုံမြို့ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုင်ဓားပြတိုက်လူသတ်မှုတွင် ယနေ့အထိ တရားခံကို ဖမ်းမိခြင်း မရှိသေးသောကြောင့် မြို့ခံပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖုန်းဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ပိုင်ရှင်ဦးတင်ထွန်း နှင့် ဆိုင်ဝန်ထမ်းအပါအဝင် လူ ၄ ဦးကို ဓားပြအဖွဲ့က ပစ္စတိုသေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားပြီးနောက် လက်ရှိတွင် ပင်လုံမြို့၏ မြို့အဝင်အထွက်များကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ဝင်ထွက်ခွင့်မပြုထားကြောင်း သိရသည်။
” ည၅နာရီလောက်ဆို ဆိုင်တွေအကုန်ပိတ်၊ လူတွေတိတ်ဆိတ်နေတာပဲ၊ ဈေးအလယ် လူစည်တဲ့နေရာတောင်သေနတ်နဲ့ ဓားပြလာတိုက်တာကို ခုထိမမိတော့ သူဌေးတွေကစပြီး လက်လုပ်လက်စားသမားတွေ ကျောင်းသားကျောင်းသူတွေကအစ အသွားအလာကြောက်ရတာပေါ့၊ ခုဆိုကိုယ့်ဆိုင်ကိုကားလာအပ်ရင်တောင် လူဆိုးလား လူကောင်းလားဆိုတာ ကြောက်နေရတယ်”ဟု ပင်လုံမြို့ခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပင်လုံမြို့ခံအမျိုးသားတစ်ဦးကလည်း”မိဖို့တော့မလွယ်ဘူးထင်တယ်၊ အဲ့ကောင်တွေကတခြားမြို့မှာ လုပ်စားလာတဲ့ကောင်ပဲဖြစ်မယ်၊ တကယ့်ဖိုက်တာတွေ၊ သူတို့ပါလာတဲ့ ပစ္စတိုလည်း အားကောင်း ၊ တအားပြင်းတယ်၊ ၈ ချက်ပစ်တာ ၈ ချက်လုံးထိတယ်၊ လက်ရှိမှာတော့ PNA ရော ဒီမှာရှိတဲ့ SSPP ရော သူတို့စုံစမ်းပေးတယ် မမိ‌သေးဘူး၊” ဟုပြောသည်။
အဆိုပါဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ပင်လုံရှိလောင်းကစားဝိုင်းကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ ပိတ်ခိုင်းသဖြင့် လောင်းကစားဝိုင်းကိစ္စ ရပ်သွားပြီဖြစ်ကြောင်း သူကဆက်ပြောသည်။
ထို့ပြင် ဓားပြတိုက်တရားခံကို ဖမ်းမိခြင်းမရှိသည့်အတွက် နဂိုမြို့တွင်းရှိ သူခိုးများက အခွင့်ကောင်းယူပြီး လူနေအိမ်အတွင်း နှင့် ဓာတ်တိုင်ပေါ်သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ဖြတ်ခိုးယူမှုလည်း ပိုများလာကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။
“မဖမ်းမိတော့ သူခိုးတွေပိုရဲတင်းသလိုပဲ၊ သူခိုးကြောက်ရ၊ ဓားပြကြောက်ရပေါ့ရှင်၊ ကျွန်မတို့အိမ်တောင် New Year ညက ဖြတ်ခိုးခံလိုက်တယ်၊ တစ်ညထဲမှာ ၅ အိမ်လောက်မီးကြိုးခိုးခံရတယ်၊ အဲ့ဒါပြန်ထည့်တာ ကျွန်မက ၃သိန်းကုန်တယ်၊ တချို့တွေက ၅ သိန်းကုန်တယ်၊”ဟု မြို့ခံအမျိုးသမီးက ပြောသည်။
သူခိုးများရဲတင်းလာမှုနှင့် ပတ်သက်ပြီး ရဲကိုတိုင်ကြားရာတွင် ရဲများက ” တမြို့လုံးအခိုးခံနေရတာ၊ ကိုယ့်အိမ်ကိုစောင့်ကြည့်ကြပေါ့၊”ဟုသာပြောဆိုကြောင်း ဆိုသည်။
ပင်လုံမြို့ခံပြည်သူများသည် သူခိုး၊ ဓားပြ ဘေးကို နေ့စဥ်နှင့်အမျှ ကြုံတွေ့နေရပြီး အဆိုပါ သူခိုး၊ဓားပြများကို ဌာနဆိုင်ရာများမှ ထိထိရောက်ရောက်အရေးယူ‌ပေးစေလိုကြောင်း ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *