ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊၂၀၂၄
ရှမ်းတောင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လုံမြို့နယ် နှင့် ဟိုပုံးမြို့နယ်များတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်ပြီး သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာများမှလည်း အရေးယူ ဖမ်းဆီးမှုများ အားနည်းနေခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တရားဥပဒေစိုးမိုးမှု အားနည်းလာခဲ့ရပြီး ဒုစရိုက်သမားများ ပေါများလာကာ ဒေသခံပြည်သူများအတွက် လုံခြုံရေးသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေရသည်။
“အခုဆိုဘယ်ဘဲသွားသွား ကြောက်နေရတယ်။ အရေးအကြောင်းကိစ္စပေါ်လာရင် တစ်ယောက် တည်းမသွားရဲတော့ဘူး အဖော်တစ်ယောက်တော့ခေါ်ရတယ်။ ဖမ်းမိတာမျိုး အရေးယူတာမျိုးလည်း မကြားဖူးဘူး။ တကယ်လို့ အဲလူတွေကိုဖမ်းမိရင်လည်းပြန်လွတ်တာမျိုးဘဲများတယ်။” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တောင်ကြီးမြို့တွင် တန်ဆောင်တိုင်လပြည့် ညအချိန်အုပ်စုဖွဲ့ လုယက်မှုဖြစ်ပွားခဲ့သလို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း တောင်ကြီးမြို့၊ ထီဗွာရွာတွင် အိမ်စောင့်ခွေးကို အဆိပ်ကျွေးပြီး နေအိမ်ရှိ ပစ္စည်းများ ခိုးယူမှုဖြစ်ပွားခဲ့ပြီး ယနေ့ထိ အဆိုပါဖြစ်ရပ်များကို သက်ဆိုင်ရာက အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ပင်လောင်းဒေသခံတစ်ဦးကလည်း “အခုဆို သတိကြီးကြီးထားရတယ်။ ခြံတွေ ဈေးတွေ တစ်ယောက် တည်းမသွားရဲတော့ဘူး။ လေးငါးယောက်စုပြီးမှဘဲ သွားရဲတော့တယ်။ ဖြစ်ပြီးရင်လည်း တရားခံမမိတာများတယ်။ “ဟု ပြောသည်။
အလားတူ ဒီဇင်ဘာလ၂၀ ရက်နေ့တွင်လည်း ပင်လောင်းမြို့ ကောင်ဗာ-ထီဗိရွာ လယ်ကွင်းအနီးတွင် ဆောင်းပြောင်းဆေးရုံမှ တောင်ကြီးဆေးရုံသို့လူနာလွဲပြောင်းသည့် လူနာတင်ကားကို အုပ်စုလိုက်ဓားပြတိုက်မှု ဖြစ်ပွါးခဲ့သည်။
ဒီဇင်ဘာလ ၂၂ရက်နေ့တွင်လည်း ဟိုပုံးမြို့အဝင်တွင် လူ ၃ ဦးက ကားစင်လုံးဌားစီးပြီး ယာဉ်မောင်းကို သတ်ကာ ကားလုမောင်းပြေးသွားခဲ့ရာ ဟိုပုံးတရားရုံး၌ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးအရေးယူခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။
ထိုနည်းတူ ပင်လုံမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာသောကြောင့် လူနေအိမ်ဖောက်ထွင်းခြင်း၊ လျှပ်စစ်မီးဆားဗစ်ကြိုး၊ ကားဘတ်ထရီခိုးခြင်း၊ ဆိုင်ကယ်ခိုးခြင်းနှင့် ခိုးဆိုးလုယက်မှုများ ဖြစ်ပွားနေပါသော်လည်း ရဲဌာနများမှ တာဝန်ယူဖြေရှင်းပေးမှုအားနည်းနေကြောင်း ဒေသခံများက ပြောဆိုသည်။
“အခုက တရားဥပဒေစိုးမိုး‌ရေးက အလုပ်မဖြစ်တော့။ ရွာသားတွေဘဲ ဝိုင်းဖမ်းမိခဲ့ရင် အပြစ်ပေးဆုံးမတယ်။ ရိုက်နှက်တာတို့ လူအများရှေ့ဝန်ခံခိုင်းတာတို့လုပ်တယ်။ တရားဥပဒေစိုးမိုးမှုမရှိတော့ လူတွေအရမ်းသောင်းကျန်းတာတို့ အခြေအနေဆိုးရင် စံပြအနေနဲ့ လက်စဖြောင့်လိုက်တာမျိုး လုပ်တာရှိတယ်။ “ ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့တွင်လည်း ပင်လုံမြို့ရှိ ဖုန်းဆိုင်ကို ဆိုင်ရှင်နှင့် အလုပ်သမားဝန်ထမ်း ၄ ဦးအား လူတစ်စုမှ သေနတ်ဖြင့် ပစ်သတ်ပြီး ဓားပြတိုက်သွားကြောင်း သိရသည်။
ခိုးဆိုလုယက်မှုများ၊ ဓားပြတိုက်သတ်ဖြတ်မှုများ ဆိုးဆိုးဝါးဝါးဖြစ်ပွါးလာခြင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါး‌ေရာင်းဝယ်သုံးစွဲမှုများ၊ လောင်းကစားဝိုင်းများ နေရာအနှံပေါ်ပေါ်ထင်ထင် ပြုလုပ်လာသောကြောင့်ဖြစ်လာရသည်ဟု ဒေသခံများက သုံးသပ် ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *