ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၄
စစ်ကောာင်စီတပ်က ပြည်ထောင်စု လမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် တိုက်ပွဲပြင်းထန်‌ပြီး စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ကုန်ဆုံကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးကာ၊ မထွက်နိုင်သည့် ဒေသခံများစွာလည်း ပိတ်မိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောာင်စီတပ်သည် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာ မှ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအထိ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကို ပိတ်ထားပြီး ဖယ်ခုံမြို့ထဲ ဒေသခံများစွာ ထွက်မရဘဲ ပိတ်မိနေကြောင်း သိရသည်။
“ညတိုင်း၊နေ့တိုင်းလက်နက်ကြီးပစ်တယ်။တိုက်ပွဲလည်းဖြစ်တယ်။ လမ်းပိတ်ထားတာ နှစ်ပတ်လောက်ရှိနေပြီ။ ရေလမ်းကြောင်းတော့ရှိတယ်။ တစ်ချို့လည်း ရေလမ်းကြောင်းဖက်ကနေထွက်တယ်”ဟု ကုန်ဆုံကျေးရွာ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဖယ်ခုံမြို့တွင် တစ်လေးလုံးစစ်ဆင်ရေး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားလာရာ ယနေ့အထိ ပြင်းထန်နေကြောင်းသိရသည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌
ကရင်နီတော်လှန်ရေးအင်အားစုများသည် ဖယ်ခုံဒေသရှိ ဆောင်းနန်းခဲတောင်ပေါ်၊ ရွှေပြည်အေးတောင်ပေါ်၊ လွယ်ပသာတောင်ပေါ် စစ်ကောင်စီတပ်စခန်းများကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာ၂၄ ရက် နေ့တွင်လည်း ဖယ်ခုံမြို့၊ မြို့ဦးကျောင်းအရှေ့ဖက် တာယာဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်များကို စစ်ကောင်စီတပ်က မီးရှို့ဖျတ်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *