ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၄
ကယား(ကရင်နီ)ပြည် မြို့တော်လွိုင်ကော်အတွင်း စစ်ကောင်စီတပ်က မြေပြင်၌ အသာစီးမရသဖြင့် လက်နက်ကြီးရာချီပစ်ခတ်ပြီး ပြည်သူကိုခြိမ်းခြောက်‌နေခြင်းဖြစ်ကြောင်း KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁ ရက်နေ့တွင် လွိုင်ကော်မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ ခလရ ၂၅၀ တပ်မှ ၁၂၀၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၁၀၀ ကျော်ပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်းလူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်းဆိုသည်။
“ပစ်တယ်၊ ၁ ရက်နေ့ နှစ်သစ်ကူးပေါ့ ၊ ဒီမြို့တွင်း အဓိကရပ်ကွက်တွေထဲမှာပေါ့၊ ချိကယ် ထေးသမ စတဲ့ ရပ်ကွက်မှာပစ်တယ်၊ လူအထိအခိုက်တော့မကြားမိဘူး၊ ဒါမဲ့အိမ်တွေတော့ အတော်ပျက်စီးတယ်၊ ” ဟု KNDF တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးအလွန်အကျွံပစ်ခတ်ခြင်းသည် စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဥ်ဖြစ်နေသလို တစ်နည်းအားဖြင့် မြေပြင်၌ အသာစီးမရနိုင်သည့်အနေအထားကြောင်း နှင့် နယ်မြေကို ပြန်ထိန်းချုပ်နိုင်အောင်ကြိုးစားနေပြီး ပြည်သူလူထုကိုခြိမ်းခြောက်မှု ပြုလုပ်နေခြင်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ယနေ့ဇန်နဝါရီလ ၃ ရက်နေ့တွင် လွိုင်ကော်မြို့အတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ကြိုကြားရှိနေပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များ ကြိုကြားကြိုကြားထိတွေ့ပစ်ခတ်မှုများ ရှိနေကြောင်းဆိုသည်။
လွိုင်ကော်မြို့အတွင်း စစ်ကောင်စီတပ်မှ နေ့ရောညပါ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်မှု ပြုလုပ်နေသဖြင့် ပြည်သူအသက် ထိခိုက်မှုမရှိအောင် သက်ဆိုင်ရာကရင်နီအုပ်ချုပ်အဖွဲ့များ၊ တော်လှန်ရေးအဖွဲ့များ ညွန်ကြားထားသည့် သတိပေးချက်များကို လိုက်နာရန်လည်း တိုက်တွန်းထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *