ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၄
စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင်း ဒီဇင်ဘာ တစ်လအတွင်း နိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှု ၃၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင်း ၂၀၂၃ ဒီဇင်ဘာလ တစ်လအတွင်းတွင် နိုင်ငံတဝန်းအမျိုးသမီး ၃၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါသည်။
စစ်ကောင်စီကြောင့် သေဆုံးရသည့် အမျိုးသမီး ၃၃ ဦးအနက် ရှမ်းပြည်နယ်အတွင်း ၄ဦးပါဝင် ကြောင်း ပါရှိထားပါသည်။
“အခုဆိုရင် စစ်ပွဲအတွင်းမှ မဟုတ်ပါဘူး လူတစ်ဦးချင်းစီရဲ့ လုံခြုံရေးကို စိုးရိမ်ရတယ်။ အခုလိုကလေး နဲ့ အမျိုးသမီးတွေကို စစ်ကောင်စီက စစ်လက်နက်သဖွယ်အသုံးပြုနေတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပေါ့” ဟု ရှမ်းတောင် အမျိုးသမီးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသမီးများသည် စစ်ကောင်စီမှ ပစ်ခက်သည့်လက်နက်ကြီးထိမှန်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းများ‌ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
ရှမ်းတောင်ဒေသခံတစ်ဦးကလည်း“ပြည်သူတွေကို ပစ်မှတ်ထားပြီးလုပ်တာက လူမျိုးပြုန်းသတ်ဖြတ်နေတယ်လို့မြင်တယ်။ သူတို့ရဲ့စစ်ဥပဒေနဲ့မကိုက်ညီနေဘူး ကရင်နီပြည်တွေမှာရော အခြားပြည်နယ်တွေမှာလည်း အခုလိုမျိုး စနစ်တကျကိုကျူးလွန်နေတာမျိုးတွေ့ရတယ်။ စစ်ရှောင်တွေအပေါ် လူသားချင်းစာနာထောက်ထားမှု ချိုးဖောက်နေတယ်” ဟု ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၂၀၂၁ခုနှစ်မှစပြီ ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်အထိ ၃နှစ်တာအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးသေဆုံးမှု စုစုပေါင်း ၇၀၅ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောင်ရေးအသင်း၏ အချက်အလက်အရ သိရသည်။
လက်ရှိတွင် အမျိုးသမီးများ သေဆုံးရခြင်းနှင့်ပတ်သက်ပြီ တရားရေးမဏ္ဍိုင် ၃ ရပ်လည်းမရှိတော့သလို တရားဥပဒေစိုးမိုးမှုလည်းမရှိတော့ကြောင်း တရားမျှတမှုဖော်ဆောင်သည့်နေရာတွင် အရမ်းခက်ခဲနေရကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ ပြည်သူလူထုများအပေါ်
စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ အမျိုးသမီးအပေါ် စစ်လက်နက်သဖွယ်အသုံးပြုမှုများ၊ သတ်ဖြတ်မှုများကို တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်
မှတ်တမ်းတင်ထားရန်အရေးကြီးကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *