ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၄
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို ရက္ခိုင့်တပ်တော် AA မှ ယမန်နေ့ ဇန်နဝါရီလ ၃ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ ခမောင်းဝစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို တဆက်တည်းတွင် ချင်းလက်ဝစခန်းကိုလည်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ချင်းလက်ဝစခန်းသိမ်းတိုက်ပွဲကို အချိန် ၃ ရက်ဖြင့်တိုက်ခိုက်ပြီး စစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်းများ နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်AAအနေဖြင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းများဖြစ်သည့် “ပလက်ဝ ၂၈၉ ဗျူဟာကုန်း”နှင့် “မီးဝဗျူဟာကုန်း” များကိုတိုက်ခိုက်‌နေဆဲဖြစ်ကြောင်း ဆိုထားသည်။
ပလက်ဝဒေသတွင်းအပြင် အနီးနားပတ်ဝန်ကျင်တွင် ရှိနေသည့် စစ်ကောင်၏ ခမရ ၂၃၃၊ ၃၇၄၊ ၃၇၆၊ ၃၀၈၊ ၂၁၁၊ ၂၁၇၊ ၂၈၉၊ ၂၂၀ တပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်‌လျက်ရှိ‌နေသည် ဟုဆိုထားသည်။
ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ဝန်းကျင်တွင်လည်း ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာဖက်ကို စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ၂ကြိမ်လာရောက်ပစ်ခတ်သဖြင့် အသက် ၃၁ အရွယ်အမျိုးသမီး ၁ ဦးနှင့် အသက် ၃ လအရွယ်နှင့် အသက် ၁၈ နှစ်ကြား ကလေးလူငယ် ၆ ဦးအပါအဝင် အရပ်သားပြည်သူ ၁၂ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

You missed