ခမ်းသားငေါဝ်း
ဇန်နဝါရီ ၄၊၂၀၂၄
လက်ရှိရရှိထားသည့် အောင်မြင်မှုများထက် နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများကို ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးသည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ(၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်။
လက်ရှိရရှိထားသောအောင်မြင်မှုများထက် တစ်ရက်ပြီးတစ်ရက် အခြေနေဆိုးဝါးလာသည့် စစ်ကောင်စီအား ကြမ္မာညင်ခွင့်သာပေးကာ မိမိတို့အပေါ်တန်ပြန်တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှ ပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအား ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဆိုထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့မှ စတင်လိုက်သည့် “၁၀၂၇စစ်ဆင်ရေး”သည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့တွင် (၆၉)ရက်မြောက်နေ့ရောက်ရှိလာပြီဖြစ်ပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့သည်လည်း မပြီးပြတ်သေးသည့်စစ်ဆင်ရေးနှင့် အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိသည့် စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဆိုထားပါသည်။
“၁၀၂၇စစ်ဆင်ရေး”နှင့်အတူ ဟန်ချက်ညီစွာ ချိန်ကိုက်လိုက်ပါဆင်နွှဲနေကြသည့် အခြားသော တော်လှန်ရေးမဟာမိတ်ဖက် အဖွဲ့အစည်းအချို့တို့သည်လည်း နှစ်ဆန်းပိုင်း၌ ပို၍အားစိုက်လာကြကာ နေရာတိုင်းတွင် စစ်ကောင်စီအား အပြတ်အသတ်အလှဲထိုးပြီး အောင်ပွဲများတစ်ခုပြီးတစ်ခု ရယူနိုင်သည်ကို ဆက်တိုက်တွေ့ရှိလာရ‌ကြောင်း ဖော်ပြထားသည်။
“၁၀၂၇စစ်ဆင်ရေး”မှ ပေးသည့်စိတ်ဓာတ်ခွန်အားမှာ “စစ်ကောင်စီအား ယခုချိန်၌ မည်သည့်နေရာတွင် တိုက်တိုက်အနိုင်ရရန် အခြေနေကောင်းသည်” ဟူသော Motivation ဖြစ်သည် ဟု ဆိုထားသည်။
ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်နှင့် မိုးမိတ်မြို့နယ်များ၌ ယမန်နေ့ ဇန်နဝါရီလ(၃)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတွင်လည်း တအာင်းတပ်မတော် TNLAဦးဆောင်ကာ MDY PDFနှင့်အတူ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ အများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားပါသည်။