ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၅၊၂၀၂၃
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်အပြစ်မဲ့ပြည်သူနှင့် ကျန်ရစ်မိသားစုများအတွက်တရားမျှတမှုမရပဲ တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံနိုင်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ခမ်းသားငေါဝ်းကိုပြောသည်။
ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ၂၀၂၁ ခု ဒီဇင်ဘာ၂၄ ရက်နေ့တွင် အသက် ၁၈ မပြည့်သေးသောလူငယ် ၃ဦးနှင့် လူမှုရေးအဖွဲ့အစည်းဝန်ထမ်း ၂ဦး၊ အရပ်သား (၄၅)ဦးနှင့် နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် စုစုပေါင်း ၄၉ ဦးကိုစစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့ရာ၂နှစ်ပြည့်ပြီးဖြစ်သည်။
“အထူးသဖြင့် ဒီသေဆုံးသွားတဲ့ ပြည်သူတွေအပြင် ကျန်ရစ်နေတဲ့ မိသားစုတွေကိုယ်စားကို ကျွန်တော်တို့က တရားမျှတမှု ရရှိဖို့ တစိုက်မတ်မတ်ဆက်ပြီးတော့မှလုပ်သွားမယ်။ ဒီဟာကို ဒီတိုင်းပဲ တဖြေးဖြေး ပျောက်သွားတာမျိုးဘယ်တော့မှ အဖြစ်မခံဘူး။”ဟု IEC၏အတွင်းရေးမှူး Khu Plu Reh ကခမ်းသားငေါဝ်းကိုပြောသည်။
ယခုလိုစစ်ရာဇတ်မှုကျူးလွန်သည့် စစ်ကောင်စီကို အရေးယူနိုင်ရန် ကရင်နီပြည်နယ်ရှိ IEC၊ KSCC၊ပြည်တွင်းရှိ NUGအစိုးရနှင့် အရပ်ဘက်လူ့အခွင့်ရေးအဖွဲ့အစည်းတို့နှင့်ပူးပေါင်းပြီး ဂျာမနီနိုင်ငံနှင့် သြစတေးလျနိုင်ငံရှိ နိုင်ငံတကာအဆင့် တရားစီရင်ရေးတို့ကိုတင်ပြထားမှုများဆောင်းရွက်လျက်ရှိကြောင်းသူကဆက်ပြောသည်။
သို့သော်ယခုချိန်ထိတစ်စုံတရာတုံ့ပြန်မှုမရသေးခြင်းကြောင့် ကိုယ်တိုင် နည်းလမ်းရှာပြီးဆောင်ရွက်ရန်လည်း ပြင်ဆင်ထားနေကြောင်းဆိုသည်။
“ဒီချိန်မှတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကိုပဲ မှီခိုနေလို့မရဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကိုက တရားမျှတမှုဖော်ထုတ်နိုင်ဖို့ ရရှိနိုင်ဖို့ ဒါကိုကျွန်တော်တို့ကိုယ်တိုင်လည်း နည်းလမ်းရှာပြီးတော့မှဆောင်ရွက်သွားမယ်ဆိုတဲ့ဟာရှိပါတယ်။ ဒီဖြစ်စဥ်က IECမပေါ်ခင်ကတည်းက ဖြစ်သွားတယ်ဆိုပေမယ့်လည်း ဒါ IECအနေနဲ့လည်း အပြည့်ဝတာဝန်ရှိပါတယ်။”ဟုအထက်ပါအတွင်းရေးမှူးကဆက်ပြောသည်။
မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့သည့်အခင်းသည် အပြစ်မဲ့ပြည်သူမှန်းသိနေသော်လည်း စစ်ကောင်စီမှ တမင်တကာမီးရှို့သတ်ဖြတ်ခြင်းအပြင် ပြည်သူကိုတင်ဆောင်လာသည့် ကားနှင့် ဆိုင်ကယ်တို့ကိုပါ မီးတင်ရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ဤအမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်၌ လုံခြုံရေးအရ ယာဥ်(၇)စီးကို စစ်ဆေးရာမှ မရပ်တန်းဘဲ နှစ်ဘက်တိုက်ပွဲဖြစ်ပွားရာ PDFနှင့် KNPP ပစ်ခတ်မှုကြောင့်သေဆုံးရခြင်းဖြစ်ကြောင်း ယခင်နှစ် ၂၀၂၂ခု ဇန်နဝါရီလ၌ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *