ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊ ၂၀၂၃
သတင်းမီဒီယာလွှတ်လပ်ခွင့်နှင့်မီဒီယာစိန်ခေါ်မှုဆိုးရွားလာသည့် အခြေအနေကြောင့် ပြည်တွင်းပြည်ပရှိ လွတ်လပ်သောမြန်မာမီဒီယာများစုပေါင်း၍ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကို ဒီဇင်ဘာ၂၂ ရက် နေ့ထိုင်းနိုင်ငံ တစ်နေရာတွင် ဖွဲ့စည်းလိုက်သည်။
စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းမီဒီယာသမားများအား ချွင်းချက်မရှိ လွှတ်ပေး ရန်လည်း IPCM ညီလာခံတွင် တောင်းဆိုထားသည်။
IPCM ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်သည် မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားများ လုံခြုံရေးနှင့် အကာအကွယ် ရရှိရေး၊ မီဒီယာကျင့်ဝတ်များ ရေးဆွဲပြဌာန်းကာ လိုက်နာ ကျင့်သုံးရေး၊ သတင်းမီဒီယာကောင်စီ၏ တရားဝင် ရပ်တည်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာ ကောင်စီများနှင့် တရားဝင်ချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်းသိရသည်။
““စုစည်းမှုနဲ့အကာအကွယ်ပေးမှုကို အထူးသဖြင့်ဦးစား ပေးလုပ်ဆောင်ဖို့ရည်ရွယ်ပြီး ကျွန်တော်တို့ စုဖွဲ့တာပေါ့၊ အကာအကွယ်ပေးရေးမှာလည်း ပြည်ပနဲ့ ပြည်တွင်းနှစ်ပိုင်းခွဲထားတယ်။ ပြည်တွင်းကလူတွေ ပြည်ပကလူတွေဘယ်လောက်အကာအကွယ်ပေးနိုင်မလဲ၊ အဲဒီအတွက် လုပ်နိုင်စွမ်းအားဘယ်လောက် ရှိမလဲ အဓိကရည်ရွယ် ချက်ကတော့ အဲဒီနှစ်ခုပါ”ဟု IPCM အတွင်းရေးမှူး ရွေးကောက်ခံရသူ ဦးတိုးဇော်လတ်ကပြောသည်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီသည် လွတ်လပ်သော သတင်းမီဒီယာများ၊ တိုင်းရင်းသားမီဒီယာများ၊ ဒေသအခြေပြုမီဒီယာများကို ကိုယ်စားပြုပြီး ဒီမိုကရေစီ နည်းကျဖွဲ့စည်းလိုက်သည့် တရားဝင် သတင်းမီဒီယာကောင်စီဖြစ်သည်ဟု ဆိုသည်။
ထို့အ​ပြင် စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာများကို ကိုယ်စားမှုမရှိသည့်အတွက် တရားမဝင်သော အဖွဲ့အစည်း ဖြစ်ကြောင်း ညီလာခံတက်ရောက် သူများက သဘောတူဆုံးဖြတ်ခဲ့ကြသည်။
IPCM၏အမှုဆောင်ကော်မတီဝင်များကို ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး နှင့်ဘဏ္ဍာရေးမှူးတို့အပါအဝင် စုစုပေါင်း ကောင်စီဝင် ၁၀ ဦးကိုလည်း ရွေးကောက်တင်မြောက်ခဲ့သည်။
လွှတ်လပ်သောမြန်မာသတင်း မီဒီယာကောင်စီကိုဒီဇင်ဘာလ၂၀ ရက်နေ့မှဒီဇင်ဘာ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံတစ်နေရာတွင် မြန်မာသတင်းမီဒီယာ အဖွဲ့ ၃၈ ဖွဲ့ နှင့်တစ်သီးပုဂ္ဂလသတင်းမီဒီယာသမားများ စုစုပေါင်း ၇၇ ဦးတက်ရောက်ပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *