ခမ်းသားငေါဝ်း
ဒီဇင်ဘာ၂၄၊ ၂၀၂၃
ရှမ်းပြည်နယ် မြောက်ပိုင်းမန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းပွဲကို တအောင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂၂ ၌ အလုံးစုံထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၄)ရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရသိရသည်။
နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီမှ အရပ်သားများကို ဦးတည်တိုက်ခိုက်မှုကြောင့် မန်တုံမြို့နယ်ရှိ ဒေသခံ ၁ ဦးမှ ဒဏ်ရာ ရရှိပြီး ဘာသာရေးအဆောက်အဦး၊ ဘုရားကျောင်းကန်များ၊ လူနေအိမ် ၁၅လုံး လက်နက်ကြီးနှင့် လေယာဉ်ဗုံးစ ထိမှန်ပျက်စီးသွားခဲ့ကာ နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်းဖော်ပြထားသည်။
မန်တုံမြို့ စခန်းသိမ်းတိုက်ပွဲ ၄ ရက်ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၂၆၅)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၁၀၃၈ )ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၁၃၇)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်၊ တစ်ရက် ပျမ်းမျှ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထား သည်။
မန်တုံမြို့ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တမ-၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ် ကြောင်းသိရ သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် (၂)လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
လက်ရှိမှာ တအောင်းတပ်မတော် PSLF/TNLA မှ မိုင်းလုံမြို့၊ နမ့်ဆန်မြို့ နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့ဖြစ်တဲ့ မန်တုံမြို့ကို လည်း အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *