ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်း – ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာသို့သွားသည့် စစ်ရှောင်ကူညီသူများကို စစ်ကောင်စီက ဓားထောက်ခြိမ်း ခြောက်သည့်အတွက် စစ်ရှောင်များကိုအကူအညီပေးရန် အခက်အခဲရှိနေကြောင်းသိရသည်။
လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်ကူညီလုပ်ဆောင်ပေးသူများကို စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက် ပင်လောင်း ရင်းမှီးရွာအနီးတွင်ဓားထောက်ပြီးစစ်ဆေးမှုပြုလုပ်နေကြောင်း ကူညီပေးသူများထံသိရသည်။
“ကျွန်တော်တို့က ပင်လောင်းကနေ့ ပစ္စည်းသယ်လာတယ် လမ်းမကြီးက သွားလို့မရလို့တောလမ်းကနေသွားတာ ပင်လောင်း ရင်းမှီးဘုန်းကြီးကျောင်း နားမှာ ရှောင်သခင်စစ်တာ ခါတိုင်းလည်း ကျွန်တော်သွားနေကျ မစစ်ဘူး အဲနေ့ကျမှ ကားရပ်ခိုင်းပြီး စစ်တာ လူကိုလည်း ဓားနဲ့ထောက်တာတယ်။” ဟု စစ်ရှောင် ကူညီသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
စစ်ရှောက်များအတွက် စားနပ်ရိက္ခာနှင့် အလှူရှင်များမှ လှူဒါန်းထားသော စောင်၊ အဝတ်အထည်များအားသယ်ယူသွားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ဓားထောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
“လူကို ဓားနဲ့ထောက်ပြီး ဘာလုပ်ဖို့လည်းမေးတယ်၊ ပစ္စည်းတွေဘာလို့ အဲလောက်များရတာလည်းမေးပြီး ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ဓားနဲ့ထိုးဖောက်စစ်ဆေးတယ်။ သူတို့စစ်နေကျ သံချွန်နဲ့မဟုတ်ဘဲ ဓားနဲ့ အိတ်တစ်အိတ်ကို သုံးလေးနေရာလောက်ရှိတယ်။ အဝတ်အစားတွေလည်း အကုန်ပြဲ၊စောင်တွေလည် အကုန်ပြဲသွားတယ်။” ဟု စစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။
ထိုသို့ ဓားထောက်စစ်ဆေးခံရခြင်းကြောင့် အသက်အန္တရာယ်ဖြစ်လာနိုင်​ခြင်းကြောင့် ကူညီမှုကိစ္စရပ်များ အသွားအလာခဏရပ်နားထားရကြောင်း ၄င်းမှဆက်ပြောသည်။
“အစက လူပါဖမ်းဖို့လုပ်တာ ကျွန်တော်တို့လည်း ပစ္စည်းက ဆိုင်မှာပြန်ရောင်းဖို့ပြောခဲ့ပြီး ငွေ ၅ သောင်းပေးခဲ့ရတယ်။” ဟု ၄င်းမှဆက်ပြောသည်။
လက်ရှိ ဗန်းမောက်‌ကျေးရွာတွင် စစ်ရှောင် ၁၆၀၀ ကျော်ရှိနေပြီး ကူညီသူသွားလာရခက်ခဲသည့်အတွက် စစ်ရှောင်များ လည်းအခက်ခဲကြုံတွေ့နေရသည်။
ဗန်းမောက်မြို့နယ်တွင် ဖုန်းလိုင်းများလည်းဖြတ် တောက်ခံထားရသည့်အပြင် PNO စစ်သားများလည်း ကင်းလှည့်နေခြင်းကြောင့် ကူညီရေးအတွက် ရပ်နားထားရကုန်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *