ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၄၊၂၀၂၃
(၂ )နှစ်ပြည့်ပြီဖြစ်သည့် ဖရူဆိုမြို့မိုဆို​ကျေးရွာ၌ ပြည်သူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု စစ်ကောင်စီကျူးလွန်သည့်ထိုစစ်ရာဇဝတ်မှုအရေးယူပေးရန်ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီIEC က နိုင်ငံတကာ အဖွဲ့အစည်းကို တိုက်တွန်းထားသည်။
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ခရစ္စမတ်အကြိုနေ့တွင် အပြစ်မဲ့ပြည်သူ (၃၅) ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇတ်မှုကျူးလွန်သည့်စစ်ကောင်စီကို ပစ်ဒဏ်ပေးရန် IEC တောင်းဆိုသလို ကရင်နီပြည်နယ် ကြားကာလလွတ်တော် (KSIP)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)တို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာအသီးသီးထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခု ဒီဇင်ဘာ (၂၄)ရက်နေ့ ခရစ္စမတ်အကြိုနေ့တွင် တပ်မ(၆၆)လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည် ယာဥ်ကြီးယာဥ်ငယ် ၁၁ စီးဖြင့် စစ်ရှောင်တင်လာသည့်ကားကိုဖမ်းဆီးပြီးကလေးသူငယ် များနှင့် အမျိုးသမီးများအပါ အပြစ်မဲ့ပြည်သူကို အစုလိုက်အပြုံလိုက် သွေးအေးအေးဖြင့်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းဖော်ပြထားသည်။
ထို့အပြင် အခင်းဖြစ်ပွားသည့်နေရာကို ဖမ်းဆီးထားသည့်အပြစ်မဲ့ပြည်သူကိုပြန်လွတ်ပေးရန် သွားရောက် ညှိနှိုင်းသည့် နယ်ခြားစောင့်တပ် (၁၀၀၄) တပ်မှ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း လက်ပြန်ကြိုး တုတ်၍ ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်းဆိုသည်။
ယင်းဖြစ်စဥ်အပေါ် ၂နှစ်ပြည့်ကာလအထိ ကရင်ပြည်၌ အိပ်မက်ဆိုးသဖွယ် ခံစားနေဆဲဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် နေ့စဥ်နှင့်အမျှ စစ်ကောင်စီမှ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းနှင့် လူသားမျိုးနွယ်အပေါ် လူမျိုးသုန်း သတ်ဖြတ်သည့် ပြစ်မှုကျူးလွန်ခြင်းများကို ယနေ့ထိ ထင်ရှားစွာ တွေ့မြင်နေရကြောင်းလည်းဖော်ပြထားသည်။
သို့သော်စစ်ကောင်စီဘက်၏ သတင်းနှင့်ပြန်ကြား ရေး၌ ၎င်းဖြစ်စဥ်တွင် လုံခြုံရေးအတွက် ယာဥ်(၇)စီးကို စစ်ဆေးရာမှ မရပ်တန်းဘဲ လက်နက် ငယ်နှင့် စတင်ပစ်ခတ်ပြီး ထွက်ပြေးခြင်းကြောင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်သာ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *