ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊၂၀၂၃
တိုက်ပွဲတစ်လကျော်ကာလကြာမြင့်ခဲ့သည့် နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းမြောက် နမ်းခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် (၁၂၇)လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ယနေ့ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးဖြင့်ကြဲချခြင်း၊ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခြင်းကြောင့် ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ၊ အများသုံးခန်းမများ၊ အရပ်သားနေအိမ်များပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားပြည်သူများထိခိုက်သေဆုံးခဲ့ရကြောင်း ဆိုထားပါသည်။
တိုက်ပွဲအတွင်း နမ်းခမ်းမြို့ရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် နမ်းခမ်းမြို့နယ်ရှိ ကျေးရွာပေါင်း(၁၆)ရွာမှ စုစုပေါင်းအရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အဦး(၈)လုံး၊ စာသင်ကျောင်း(၄)ကျောင်းနှင့် ခန်းမ(၁)လုံးထိခိုက်ပျက်စီးခဲ့သည် ဟု ဖော်ပြထားပါသည်။
နမ်းခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတစ်လကျော်ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် စစ်ကောင်စီ၏ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးနှင့် စခန်းပေါင်း(၁၁)ခုကို TNLAက အလုံးစုံသိမ်းပိုက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *