ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၆၊၂၀၂၃
ကယား(ကရင်နီ)ပြည် ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ဒေသခံနှင့် စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီက အဆိုပါဒေသသို့ စားနပ်ရိက္ခာများ သယ်ယူရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသလို အခြား‌တောလမ်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး နယ်မြေကူးသန်းသွားလာရန်အခက်အခဲများရှိနေသောကြောင့် ဒေသခံနှင့်စစ်ရှောင်များအတွက် အခက်အခဲ ပိုမိုဖြစ်ရကြောင်း ဆိုသည်။
“သူတို့က တောင်ယာစပါး လယ်ယာစပါး‌တွေလည်း မလုပ်ရတော့ ယခုလိုအချိန်မှာ အရမ်းအခက်အခဲဖြစ်တယ်။ ရှိတဲ့ဟာနဲ့ဘဲ ချွေတာချက်ပြုတ်စားနေရတယ်။ “ဟု စစ်ရှောင်အရေး ကူညီပေးနေသူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဒီမောဆို အနောက်ဖက်ဒေသရှိ စစ်ရှောင်ပြည်သူများသည် ကူညီသည့်အဖွဲ့အစည်းအနည်းငယ် ရှိသလို နှင့် အကူအညီရရှိသူလည်း အနည်းငယ်သာရှိပြီး အများစုတွင် စားနပ်ရိက္ခာပြတ်လပ်မှု အမြဲကြုံနေရ‌ကြောင်း သိရသည်။
ဒီမောဆို အနောက်ခြမ်းတွင် စစ်ရှောင်စခန်း ၃၀ ကျော်ရှိပြီး စစ်ရှောင်လှုဦးရေ တစ်သိန်းခွဲအထိရှိပြီး ကရင်နီပြည် စစ်ရှောင်အများဆုံးဒေသလည်း ဖြစ် ကြောင်း သိရသည်။
စစ်ရှောင်အများစုသည် တောတောင်ထဲတွင် တိမ်းရှောင်နေရသဖြင့် ယခုကဲ့သို့ ရာသီအကူး အပြောင်းချိန်တွင် ဖျားနာဖြစ်ပွားသူလည်းများနေကြောင်း ဆိုသည်။
“ဆေးဝါးလည်း လုံလောက်မှုမရှိဘူး။ တစ်ချို့က ဆေးမသောက်ရ ဆေးမကုရဘဲ ဒီတိုင်းဘဲ နေနေရတာ ရှိတယ်။ ရိုးရာ ကုသနည်းနဲ့လည်း ကုသတာရှိတယ်။”ဟု ၎င်းက ဆက်ပြောသည်။
ကရင်နီပြည်တွင် စစ်ဘေးရှောင်နေရသည့် ပြည်သူ ၃ သိန်းကျော်ရှိနေပြီး တိုက်ပွဲကာလကြာရှည်၍ စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ အစစ အရာရာ လိုအပ်ချက်များလာသည့်အပြင် ဆေးဝါးနှင့် စားနပ်ရိက္ခာများလည်း လိုအပ်ချက်များလာနေသည်ဟု စစ်ဘေးရှောင်ကူညီသူက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *