ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၄၊၂၀၂၃
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တောင်ဘက်ရှိညိုမီး ထီဗွာကျေးရွာရှိ လူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများဝင်ရောက်ခိုးယူခြင်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ညိုးမီးရှိလူနေအိမ်တစ်အိမ်ကို သူခိုးများက အိမ်စောင့်ခွေးကို အဆိပ်ပါအစာကြွေးပြီး အိမ်ကိုဖောက်ကာ အိမ်တွင်းရှိ ပစ္စည်းများခိုးယူခဲ့ကြောင်းဆိုသည်။
“အမှန်တော့ အဲ့အိမ်မှာ ခွေးအကြီးကြီး ၂ကောင်ရှိတယ်။ အဲ့ခွေး၂ကောင်ကို အသားထဲမှာ အဆိပ်ထည့်ပြီးကြွေးတာ ပြီးတော့အိမ်ဖောက်သွားပြီး power bank တွေ အသစ်ဝယ်ထားတဲ့ဖိနပ် ၂ရံ ၊ ၁ ရံကို သုံးသောင်းတန် အဲ့ဒါတွေယူသွားတယ်။ နောက်ပြီးတော့ မီးဗုံးပစ္စည်းတွေပေါ့။ ပိုက်ဆံတော့ သူတို့(အိမ်ရှင်)သိမ်းထားတော့ သေချာမရှာဘူးထင်တယ်။ မပါသွားဘူး။ သူခိုးကတွေ့ရာ ရောင်းစားလို့ရတာယူသွားတာ”ဟု အခိုးခံရသောအိမ်၏မိသားစုနှင့်ရင်းနှီးသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
၎င်းအခိုးခံရသောအိမ်သည် သားအမိသုံးယောက်သာနေထိုင်ပြီး အရင်ရက်၌လည်း မိခင်ဖြစ်သူဆိုင်စောင့်နေစဥ် သူခိုးက ဆိုင်ထဲဝင်လာကာ ၅ထောင်တန် ဖုန်းဘေကဒ်များကိုနှိုက်သွားရာ တစ်သိန်းငါးသောင်းဖိုးအခိုးခံရသလို လင်မယားနှစ်ယောက်နေသည့်အိမ်အတွင်း၌လည်း ဝယ်ထားသောဆန် ၂ အိတ်အခိုးခံရဖူးကြောင်းသူကဆက်ပြောသည်။
ထို့အပြင် အရင်ရက်ပိုင်း၌လည်း ထီဗွာကျေးရွာတွင် လူနေအိမ် သုံးအိမ်ထက်မနည်းအဖောက်ခံရပြီး ပစ္စည်းအခိုးခံရမှူရှိသော်လည်း ယင်းသူခိုးကမည်သူမည်ဝါဖြစ်သည်ကိုမသိရှိရကြောင်းဒေသခံများကပြောဆိုကြသည်။
လက်ရှိရက်ပိုင်းတွင် သူခိုးများမှာ အုပ်စုလိုက်ဖွဲဲဲ့ ပြီးပြည်သူ၏ နေအိမ်များကို ဖောက်ခြင်း အိမ်တွင်းပစ္စည်းဝင်ခိုးခြင်း များလာသဖြင့် လုံခြုံမှုမရှိတော့ ကြောင်းဆိုသည်။
“သူခိုးတွေကအုပ်စုလိုက်ဆိုတော့ လန့်တာပေါ့ ။ ကိုယ့်အိမ်အဖောက်ခံရမှာလည်းစိုးရိမ်ရတယ်။ အပြင်သွားတိုင်း အိမ်ကိုစိတ်ပူရတယ်။ ဖုန်းတွေဆို ၂လုံးသုံးလုံးရှိလည်းမထားခဲ့ရဘူး။ ပါဝါဘက်တွေ လက်တောပ်တွေကအစပေါ့။ အပြင်သွားပြီဆိိုဘေးအိမ်ကိုအကူညီတောင်းရတာမျိုးလုပ်ရတယ်။ သူခိုးတွေက နေ့လည်ဘက်ဆို လာကြည့်ထားပြီး ညဘက်ဆိုလာခိုးတယ်။ သတိနဲ့နေနေရတယ်။”ဟုဒေသခံ အမျိုးသမီးပြောသည်။
ထိုသို့သူခိုးများ ပြည်သူနေအိမ်ဖောက်ခြင်း ပေါ်ပေါ်တင်တင်ခိုးယူနေခြင်းရှိသည်ကို တာဝန်ရှိလူကြီးများ တာဝန်ယူမှုအားနည်းခြင်းကြောင့် လက်နက်အသုံးပြုပြီး ပေါ်တင်စွာဓားပြတိုက်မှု လူအသက်ပါအန္တရာယ်ပေးလာသည်အထိ ဖြစ်ပွားမည်ကိုဒေသခံများကစိုးရိမ်နေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *