ခမ်းသားငေါဝ်း
ဒီဇင်ဘာလ ၂၂ ၊၂၀၂၃
မြှုပ်နှံထားသည့်ပိုက်လိုင်းတည်ရှိရာနေရာများကိုစစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်မည်ကိုပြည်သူများစိုးရိမ်နေရကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောဆိုထားသည်။
ရှမ်းမြောက်တိုက်ပွဲအတွင်း ပြည်သူလူထုများလူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားကြောင်းသိရသည်။
“စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်တာရှိတယ်၊ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး နဲ့လာပစ်တာတွေလည်းရှိနေတယ်”လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ယိင်းလျန်ဟန် ကပြောသည်။
ရှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့ တင်ပို့ရောင်းချသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်မြို့နယ်များရှိ အဆောက်အဦး ၁၆၀ နီးပါးပျက်စီးသွားကြောင်းအ စီရင်ခံစာအရသိရသည်။
ပိုက်လိုင်း၏တောင်ဖက် တလျှောက် ရှိမြို့နယ်များဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်အတွင်း မန္တလေး-မူဆယ် အဝေးပြေးလမ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ် ပွားလျက်ရှိကြောင်းဆိုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်တွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နောင်ချိုမြို့ အနောက်ဖက် ၆ ကီလိုမီတာဝေးကွာသည့် ကျောက်ကြမ်းရွာသည် ပိုက်လိုင်းနှင့် မီတာ ၁၀၀ သာဝေးကွာသည်ဟုသိရသည်။
အလားတူ နိုဝင်ဘာလ ၂၇ ရက်က စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ကျောက်မဲမြို့ အရှေ့ဖက် မူဆယ်-မန္တလေးအဝေးပြေးလမ်းပေါ်ရှိ ဗူးခါးရွာသည်လည်း ပိုက်လိုင်းနှင့် မီတာ ၅၀၀ သာကွာဝေးနေလျက်ရှိဟုသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *