ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၆၊၂၀၂၃
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)မှ ကားရှိသည့်အိမ်များကို အခွန်ဆောင်ခိုင်းခြင်း ရှိနေသောကြောင့် ဒေသခံလူထုများက အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ ကားရှိသည့်မည်သူမဆို မဖြစ်မနေ သတ်မှတ်ထားသည့်နှုန်းအတိုင်း အခွန်များဆောင်ခိုင်းသဖြင့် ဒေသခံလူထုများအခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦးက ယနေ့ဒီဇင်ဘာ(၂၆)ရက်နေ့တွင် ပြောဆိုသည်။
“သူတို့ဒီလိုလုပ်တော့ အခက်အခဲတော့ ဖြစ်တာပေါ့၊ တစ်ချို့ကကားရှိပေမဲ့ စီးပွားရေးမလုပ်တဲ့သူလည်းရှိတယ်လေ၊ ငွေရေးကြေးရေးအခက်အခဲတွေတော့ ရှိကြတာပေါ့၊ မတတ်နိုင်လို့ တစ်ဝက်ပဲပေးမယ်၊ အဲ့လိုညှိလည်းမရဘူး၊ သူတို့ကအပြည့်တောင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကားကြီး(တင်ဘာ)ကားတစ်စီးကို ကျပ်(၂)သိန်း၊ ထွန်စက်တစ်စီးကို ကျပ်(၅)သိန်း၊ ကားငယ်၊ ထော်လာဂျီများကို ကျပ်(၁)သိန်း ပေးဆောင်ရကြောင်း၊ အဆင်ပြေသည့် တစ်ချို့ရွာက ထည့်ပြီးကြပြီးအဆင်မပြေသည့် အချို့ရွာတွေက နောက်မှထည့် ကြကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီဟာက ကျွန်တော်တို့မူဝါဒချထားတာကြာပြီ အရင်ကတည်းက၊ (၆)လတစ်ကြိမ်ပေါ့ အဲလိုရှိတယ်။ အဓိကကျတော့ ကျွန်တော်တို့ပအိုဝ်းအမျိုးသားတပ်မတော်အတွက် လိုအပ်တဲ့ အဓိကရံပုံငွေတွေပေါ့၊ ဒါကပုံမှန်ကိစ္စတစ်ခုပါပဲ” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်‌ရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသခံပြည်သူလူထုများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းထက် ၎င်းတို့အနေဖြင့် ပြည်သူလူထုကို အခွန်ဆောင်ခိုင်းခြင်းမလုပ်ပဲ ကိုယ့်ဘာသာကိုရပ်တည်စေချင်ကြောင်း ဒေသခံလူထုများက ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *