ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊၂၀၂၃
အွန်လိုင်းလောင်းကစားဂိမ်းကြောင့် လူငယ်နှင့် လူလတ်ပိုင်းများ စိတ်ဓာတ်ရေးရာပျက်စီးပြီး စီးပွါးရေးပြဿနာထိခိုက်လာရကြောင်း ပအိုဝ်းလူငယ် တစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းလူငယ်များသည် အွန်လိုင်းလောင်းကစားဂိမ်းများကို စွဲစွဲလန်းလန်း ဆော့ကစားကြသလို ငွေကြေးအသုံးပြုပြီး ဆော့ကစားရသဖြင့် ဆုံးရှုံးမှုများပြီး လူမှုရေး စီးပွါး‌ရေးပြဿနာထိခိုက်လာရကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ယနေ့တွင် ပြောဆိုသည်။
“ အဲဒီဂိမ်းက ဆော့ရင်စွဲစေတယ် အစပိုင်းက အနိုင်ပေးတယ် နောက်တော့ လူကလောဘရှိတော့ ဆော့ရင် ရူံးရင်းနဲ့ မကျေနပ်ကြဘူး ထပ်ထပ်ဆော့တော့ ထပ်ထပ်ရှုံးတာပေါ့ သူတို့က မရပ်တန့်နိုင်အောင် ရည်ရွယ်ချက်ရှိရှိကိုလုပ်တာ” ဟု အွန်လိုင်းဂိမ်းကစားဖူးသူတစ်ဦးက ပြောသည်။
ထိုအပြင် ရွာအမည်မဖော်လိုသူတစ်ဦးကလည်း ကျွန်တော်တို့ရွာက တစ်ယောက်ဆိုရင် သူများဆီက‌ ငွေချေးပြီးဆော့တာ သိန်းရာကျော်ရှုံးတော့ မဆပ်နိုင်တော့ဘဲ ထွက်ပြေးသွားတယ် ဟု ဆိုသည်။
အွန်လိုင်းဂိမ်းဆော့ကစားခြင်းကြောင့် ပျက်စီးသွားသည့်လူငယ်ကို မိမိပတ်ဝန်းကျင်တွင် ကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးကလည်း “ဟုတ်တယ်အခုခေတ်က ဖုန်းထဲမှာ အွန်လိုင်းဂိမ်းတွေထည့်ပြီ ဂိမ်းဆော့ကြတယ် ငွေတွေအများကြီးဆုံးရှုံးတော့ မိသားစုကိုဂရုမစိုက်နိုင်တော့ဘူး မိသားစုစီးပွါးရေးတွေလည်း ကျဆင်းလာတယ် အချို့ဆိုရင် မိဘတွေရဲ့ အိမ်ခြံယာတွေကို ခိုးပေါင်စားပြီး ဖုန်းထဲငွေထည့်ရတဲ့အထိ ရှိတယ်” ဟု ပြောသည်။
တရားမဝင်အွန်လိုင်းဂိမ်းကို ထိန်ချုပ်အရေးယူနိုင်ခြင်း မရှိသလို ယခုခေတ်တွင် ဖုန်းတလုံးရှိရုံဖြင့် ဆော့ကစားနိုင်ပြီး လူငယ်များအကြားတွင် တွင်တွင်ကျယ်ကျယ် ပြန့်နှံ့လာ‌သည်။
“အခုခေတ်လူငယ်တွေက အလုပ်အကိုင်ကလည်းမရှိ ဒီလိုဂိမ်းလေးဆော့ပြီး ပိုတ်ဆံလေးထိုင်ရတော့ လုပ်တာပေါ့ ပြီးတော့လူငယ်တွေအကြိုက် ဂိမ်းနဲ့မျှားခေါ်တော့ ပိုကြိုက်ကြတယ်လေ အစပိုင်းတော့ရတယ် နောက်ပိုင်းတော့မရဘူး”ဟု လူလတ်ပိုင်းတစ်ဦးကလည်း ပြောဆိုသည်။
အွန်လိုင်းဂိမ်းများတွင် ရှမ်းကိုးမီး၊ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ကာစီနို၊ ဘောလုံးနှင့် အခြားဂိမ်းများ ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *