ခမ်းသားငေါဝ်း၊
ဒီဇင်ဘာလ ၁၈၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတွင် သေနတ်သံလက်နက်ကြီးသံကြားနေရ၍ ဒေသခံရွာသားများ ထိတ်လန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံသိရသည်။
ကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် လုံခြုံသည့် နီးစပ်ရာကျေးရွာအတွင်းသို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရကြောင်းသိရသည်။
“တောင်ဘက်ကနေ သေနတ်တွေပစ်လာတာရှိတော့လေ ဒီဘက်က မပစ်သေးပေမဲ့ ကြောက်ကြတာပေါ့ အဲ့လိုမျိုး ၊ တိုက်ပွဲဖြစ်လာမှာကို ကြောက်တာပါ၊ အဲ့ကြောင့်ပြေးကြရတာပါဗျ။ ရွာထဲမအိပ်ရဲတဲ့သူတွေလည်းရှိတယ်၊ အရင်တလောက သုံးပုံတစ်ပုံဆို အခုက လေးပုံ တစ်ပုံမရှိတော့ဘူးရွာမှာက ရွာလုံးကျွတ်နီးပါးပြေးရတာရှိတယ်၊”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ထီရီးရွာသည် အိမ်ခြေ သုံးရာနီးပါးရှိပြီး ရွာ၏ တောင်ဘက်ရှိဆောင်နန်းခဲရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ဝန်းကျင်က တိုက်ပွဲဖြစ်ပွား ပြီး ယခုချိန်ထိ လက်နက်သံကြားနေရဆဲဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ထီရီးရွာခံတွေ ပြေးရတယ်။ မနေ့ညက ရွာထဲကနေ ရန်ကင်းဘက်ကို ပြေးခိုရတာပါ ရန်ကင်းရွာခံတွေတော့ မပြေးရဘူး ။ ကျွန်တော်တို့ရွာက အစွန်ဖြစ်တာ တောင်ဘက်အစပ်မှာဖြစ်တော့ အခုလိုဖြစ်တာ ကျွန်တော်တို့ပြေးသွားရတာပေါ့၊” ၎င်းကဆက်ပြောသည်။
ရွာခံများသည် နီးစပ်ရာကျေးရွာများဖြစ်သည့် နမ့်ဗွန်၊ ရန်ကင်းရွာတို့ကို သွားရောက်ခိုလုံကြရပြီး နေ့ဘက်တွင်တောင်ယာပြန်ဝင် ပြောင်းချိုးခြင်း၊ စပါးရိတ်ခြင်းပြန်လုပ်ကာ ဒီဇင်ဘာ ၁၇ ရက်က လက်နက်သံကြောင့် ထပ်မံထွက်ပြေးခဲ့ရသည်။
“ခုလိုက အသီးအနှံသိမ်းချိန်ပေါ့နော်။ သိမ်းနေရင်း မပြီးသေးပဲ ပြေးရတာမျိုးတွေ၊ တချို့လည်း ပြောင်းကြိတ်နေရင်း မပြီးသေးချိန်မှာပဲ ပြေးရတာတွေ၊ နေ့ဘက်ခြံပြန်လုပ်သူများကို လူငှားခေါ်ရင် တစ်ရက်ကို ဥပမာ တစ်သောင်းဆို တစ်သောင်းခွဲနဲ့ပေးပြီးလူငှားရတယ် အဲ့လောက်ပေးလည်း နေ့တစ်ပိုင်းပဲလုပ်ရသေးတယ် ပြေးရပြန်ပြီ၊ တချို့လည်း စပါးခင်းသွားဖို့ မနက်ပိုင်းမှာ သေနတ်သံကြားတာနဲ့ ပြန်လှည့်လာရတာမျိုးလည်းရှိတာပေါ့”ဟု၎င်းရွာခံအမျိုးသားကပြောသည်။
အခြား ဒေသခံအမျိုးသားတစ်ဦးကလည်း “အခုအခြေနေက တိုက်ပွဲမဖြစ်ဘူးလို့ ပြောလို့မရဘူးပေါ့ စစ်ဆိုမှတော့၊ ဒါပေမဲ့ ခုလိုတောင်ယာထွက်သီးနှံသိမ်းချိန်မှာ ရွာခံတစ်ယောက်အနေနဲ့က တိုက်ပွဲမဖြစ်ရင်တော့ကောင်းတာပေါ့၊ မဖြစ်စေချင်ဘူးပေါ့ ။ ဘာလို့ဆို ခုက ပြောင်းချိုးဖို့ရှိတယ်။ စပါးရိတ်ဖို့လည်းရှိတယ် ပြီးလို့ နောက်တော့မှပဲ သူတို့စစ်သားအချင်းချင်း တိုက်ပွဲဖြစ်ပါစေပေါ့ မပြောလိုဘူး၊ ခုကတော့ မဖြစ်စေချင်ဘူး ရွာခံတွေခက်ခဲကုန်တာ”ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ကျေးရွာအတွင်းနေထိုင်သည့် ကလေးသူငယ်များ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအပါ နီးစပ်ရာကျေးရွာကိုသွားရောက်ခိုလုံနေရပြီး အခက်ခဲဖြစ်နေသည့်အတွက် ကျေးရွာအတွင်း စစ်တလင်းဖြစ်လာမည်ကို ဒေသခံများမလိုလားကြကြောင်းဆိုသည်။
ညောင်ရွေမြို့နယ် ထီရီးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလတွင် စစ်ကောင်စီ နှင့်PNOပြည်သူ့စစ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့က လာရောက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *