ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၅၊၂၀၂၃
ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ အနေဖြင့် မိမိတို့ ဝင်ငွေထဲက အခွန်၂ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဆိုသည့်ထုတ်ပြန်ချက်ကြောင်း ပြည်ပရောက်အလုပ်သမားများအတွက် အခက်အခဲကြုံတွေ့‌စေရသည် ဟုသိရသည်။
ရှမ်းပြည်တစ်ဝန်းရှိ ဒေသခံပြည်သူများသည် ကိုဗစ်ကပ်ရောဂါကာလ နှင့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကာလ ပြည်တွင်းတွင် စီးပွါးရေး အလုပ်အကိုင်အခွင့်အလမ်းများရှားပါးလာပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်လာသည့် ပြည်သူများပိုများပြားလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး (ဘန်ကောက်)မှ ဒီဇင်ဘာလမှစတင်ပြီး ထိုင်းနိုင်ငံအတွင်းအလုပ် လုပ်ကိုင်နေသည့် မြန်မာပြည်
သူများကို မိမိတို့ရရှိသည့်ဝင်ငွေမှ ဝင်ငွေခွန်အဖြစ်၂ ရာခိုင်နှုန်း ထမ်းဆောင်ရမည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
“အချို့ရွေ့ပြောင်းအလုပ်သမားတွေက PJ စာအုပ်သာကိုင်ထားတာ အလုပ်မရှိတဲ့လူတွေမှ တစ်ပုံကြီး၊ အလုပ်ကမရှိ နေဖို့စားဖို့တောင်မှ အနိုင်နိုင်ဆိုတော့ ဘယ်က ပိုတ်ဆံနဲ့သွားပေးရမလဲပေါ့” ဟု ထိုင်းရောက်အမျိုးသမီးတစ်ဦးက ပြောသည်။
ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် စိတ်ထဲက မကျေနပ်ဖြစ်ပေမယ့် မဖြစ်မနေ အခွန်ဆောင်ရမယ်ဆိုရင် ဆောင်မဲ့သူများလည်းရှိသလို မဆောင်ပဲ စာအုပ်အသေခံပြီး တရားမဝင်လုပ်သားအဖြစ်နဲ့နေမယ့်သူတွေလည်းရှိလာနိုင်ကြောင်း ၄င်းကဆက်ပြောသည်။
လက်ရှိတွင် သတ်မှတ်ထားသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းမဆောင်ပါက မိမိတို့ နိုင်ငံကူးလက်မှတ် ပတ်စပို့ကို သက်တမ်းတိုးပေးမည် မဟုတ်ကြောင်းထုတ်ပြန်ထားသည်။
ထိုင်းရောက် အမျိုးသားတစ်ဦးကလည်း “ အခန်းခ၊ ရေးခ၊ မီးခ၊ စားသောက်စရိတ်၊ ပန်ကန်စခွန် လို့ခေါ်တဲ့ ကျန်းမာရေးကတ်ခ နဲ့ဆိုရင် တလက ဘာမှ မကျန်ဘူး၊ ပတ်စပို့တုံးထုခတွေလည်း ရှိသေးတယ်၊ အခုလို အခွန်ပါ ထပ်ဆောင်ရမယ်ဆိုတော့ ကျွန်တော်တို့အတွက် တော်တော်ကို အခက်ခဲဖြစ်သွားမယ်၊ ထိုင်းနိုင်ငံလာတာ ပိုက်ဆံစုရဖို့ နေနေသာသာ စားသောက်ဖို့အတွက်တောင် မနည်းရုန်းကန်ရတယ်ဗျ” ဟု ပြောသည်။
အဆိုပါကိစ္စသည် စစ်ကောင်စီမှ ဦးဆောင်ပြီး ပြည်ပရောက်ရွေ့ပြောင်းအလုပ်သမားများအပေါ် အကာအကွယ်မပေးသည့်အပြင် ကုတ်သွေးစုပ်နေတယ် ဟု ပြည်ပရောက်သူများက သုံးသပ် ပြောဆိုကြသည်။
ယခုအခါ ထိုင်းနိုင်ငံအတွက်ဟုဆိုကာ ထိုင်းအစိုးရကလည်း ထိုင်းနိုင်ငံတွင် လာအလုပ်လုပ်နေကြသည့်မြန်မာနိုင်ငံသားများကို လစဥ် ၁၅၀ ဘတ်ဝင်ငွေခွန်ထမ်းဆောင်ရမည် ဟု ထပ်ပြဌာန်းထားကြောင်းသိရသည်။
“အလုပ်ကလည်းအတည်တကျမရှိ ပီးတော့ကိုယ်ရမဲ့လစာကနည်းနည်း။ ပေးဆောင်ရမဲ့အခွန်က ကိုယ့်လည်ပင်းထိအကြွေးတွေဝိုင်းနေသလိုပါပဲ။ ရှင်းရှင်းပြောရရင် စစ်ကောင်စီ က တိုင်းပြည်ရဲ့အကြီးစားဓားမြပေါ့။ အလုပ်လက်မဲ့ပြည်သူကို အလုပ်အကိုင်အခွင့်အလမ်းမဖန်တီးနိုင်ပဲ ပြည်သူကိုပဲ ပြန်ပီးဓားမြတိုက်နေတယ်” ဟု ထိုင်းရောက် အမျိုးသားတစ်ဦးကလည်း ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး (ဘန်ကောက်) မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ တစ်လလျှင် မိမိဝင်ငွေခွန် ၂ ရာခိုင်နှုန်း ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ်အခွန်ပေးသွင်းရမည်ဖြစ်ကြောင်းသိရှိရပြီး နောက်ပိုင်းကာလတွင် လစဉ် သို့မဟုတ် ၃ လတစ်ကြိမ်၊ ၆လတစ်ကြိမ်၊ ၉လတစ်ကြိမ် ပေးသွင်းနိုင်သည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *