ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊၂၀၂၃
လွိုင်ကော်အကျဥ်းထောင်ရှိ အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းထောင်အတွင်းအခြေအနေသည် အလွန်ဆိုးရွားနေပြီး အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)က ဒီဇင်ဘာ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ပိတ်မိနေသည့်ပြည်သူများစွာထဲတွင် လွိုင်ကော်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသူ/သားများအပါအဝင် စုစုပေါင်းအကျဥ်းသား(၅၀၀)ကျော် ပါဝင်ပိတ်မိနေကြောင်း သိရသည်။
ယခင်နှစ် ဇန်နဝါရီလ အစောပိုင်းကာလ တိုက်ပွဲဖြစ်ပွားချိန်တွင်လည်း လွိုင်ကော်အကျဥ်းထောင်တွင် စားနပ်ရိက္ခာနှင် ဆေးဝါးများပြတ်တောက်မှုများကြောင့် အကျဥ်းသားများက စားရေးသောက်ရေးအခက်အခဲများ နှင့် ကျန်းမာရေးထိခိုက်မှုများ ရှိခဲ့ကြောင်း ဆိုထားပါသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အကျဥ်းဦးစီးဌာနဝန်ထမ်းများသည် လွိုင်ကော်အကျဥ်းထောင်ကို ခံတပ်သဖွယ်အသုံးပြုကာ အကျဥ်းသားများကို ဖိနှိပ်မှုများပြုလုပ်သည့်အပြင် တိုက်ပွဲအတွင်းတွင်လည်း လူသားဒိုင်းကာသဖွယ် အသုံးပြုနိုင်ခြေရှိနေကြောင်း ဆိုထားသည်။
လွိုင်ကော်မြို့တွင်း (၁၁၁၁)စစ်ဆင်ရေး နှင့်အတူ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ် နှစ်ဖက်ကြားတိုက်ပွဲသည် ယနေ့အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
လွိုင်ကော်အကျဥ်းထောင်ကို ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများက နေ့စဥ်မပျက်စောင့်ကြည့်လျက်ရှိပြီး အကူအညီများလိုအပ်လာသည့်အခါ အဆင်သင့်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း၊ မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်ရန် ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်း အရုံး (KPPA)က အသိပေးထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *