ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊ ၂၀၂၃
လေကြောင်းဖြင့်အပြစ်မဲ့ပြည်သူကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် ပြည်သူလူထုများကို ဝန်ချတောင်း ပန်လိုကြောင်း ဗိုလ်မှုးခိုင်သန့်မိုး(လေယာဥ်မှူး)က ပြောဆိုလိုက်သည်။
ကရင်နီပြည်နယ်အတွင်း၌ စစ်ကောင်စီတပ် ဗိုလ်မှူးခိုင်သန့်မိုး(လေယာဥ်မှူး)သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ လူထုများထိခိုက်ဒဏ်ရာရခြင်း၊ အိုးမဲ့အိမ်မဲ့များဖြစ်သွားခြင်း စသည့်ကိစ္စရပ်များကို ကျူးလွန်ခဲ့သည့် အတွက် ပြည်သူလူထုများကို ဝန်ချတောင်းပန်လိုကြောင်းပြောထား သည်။
“တကယ့်ကိုနောင်တနဲ့ ကျွန်တော်တကယ်ဝန်ချပြီးတော့ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ကျွန်တော် လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တောင်းပန်ပါတယ်” ဟုဗိုလ်မှူးခိုင်သန့်မိုး(လေယာဥ်မှူး) ကပြောသည်။
လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး သူကိုယ်တိုင်ပြန်ကြားသိရသောကြောင့် တကယ်ကိုစိတ်မကောင်းဖြစ်မိကြောင်း၊ တကယ်နောင်တရမိကြောင်း နောက်နောင်လည်း ယခုလိုမျိုးကိစ္စရပ်များကို မပြုလုပ်တော့ပါကြောင်း ၎င်းကပြောသည်။
လေကြောင်းဖြင့်ပစ်ကူတိုက်ခိုက်ခြင်းသည် အထက်အမိန့်အရသာ ပစ်ကူတိုက်ခိုက်ရခြင်းဖြစ်ပြီး ပစ်ခတ်ရမည့်နေရာမှအစ အထက်ကညွန်ကြားထားကြောင်း၎င်းက ပြောသည်။
“ကရင်နီပြည်တရားစီရင်ရေးကနေပြီးတော့ ပေးတဲ့ပြစ်ဒဏ်တွေ ချမှတ်လိုက်တဲ့တရားစီရင်ရေးတွေကို ကျွန်တော့်အနေနဲ့လည်း လိုက်နာပြီးတော့ ဆောင် ရွက်သွားပါမယ်၊ လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး တော့လည်းအမှန်တိုင်းဝန်ခံပါတယ်” ဟု၎င်းကဆက်ပြောသည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်လေယာဥ်မှူး ခိုင်သန့်မိုးသည် ကရင်နီပြည် တရားစီရင်ရေးမှ ချမှတ်မည့်တရားစီရင်ရေးများကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားပါသည်။
ကရင်နီပြည်တရားစီရင်ရေးမှ ချမှတ်မည့် တရားစီ ရင်ရေးဆိုင်ရာကိစ္စများ ခံယူပြီးသည့်အခါ ၎င်းအနေဖြင့် မိသားစုနှင့်ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်စရာကောင်းသည့် မိသားစုဘဝကို ဆက်လက်တည်ဆောက်သွားမည်ဟု ပြောထားသည်။
ပြည်သူလူထုများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာဒေသများ၌ မနေထိုင်ရန်၊ ဗုံးခိုကျင်းများလည်းတူးထားကြရန် လေယာဥ်သံကြားပါက ဗုံးခိုကျင်းထဲတွင်နေကြပါရန်၊ ဗုံးဒဏ်များမှ ကာကွယ်နိုင်ရန် သစ်ပင်များထူထပ်သည့် တောထဲ၌ နေကြရန် လေယာဥ်မှူးခိုင်သန့်မိုးက အကြံပြုပြောဆိုထားသည်။
ဗိုလ်မှူးခိုင်သန့်မိုး(လေယာဥ်မှူး) သည် ၁၉၉၉ ခုနှစ် စစ်တက္ကသိုလ်လေယာဥ်မောင်းသင်တန်းပြီးသည့်ချိန်မှစပြီး၂၀၂၃ ခုနှစ်အထိ တောင်ငူ၊ မြစ်ကြီးနား၊ မိတ္ထီလာ စသည့်နေရာများတွင် တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ တာဝန်ထမ်းစဥ်သည့် ကာလတစ်လျှောက် လေကြောင်းဖြင့် အကြိမ်ရေ(၄၀)ပစ်ကူတိုက်ခိုက်ခဲ့ရပြီး ကရင်နီပြည်၌ (၁၁၁၁)စစ်ဆင် ရေးအတွင်း၌ ပထမဆုံးအကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးကြောင်း ၎င်းက ဝန်ခံပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *