ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၃
အတွင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ စခန်းများကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အမြောက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် TNLAတပ်ဖွဲ့မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ရရှိခဲ့ကြောင်း ဒီဇင်ဘာ လ ၁၇ ရက်နေ့က TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှသိရသည်။
နမ့်ဆန်တပ်စခန်းများကို TNLA မှ ၁၀၂၇ စစ်ဆင် ရေးအတွင်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်ကြာ တိုက်ခိုက်ပြီးချိန်တွင် စစ်ကောင်စီတပ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက် ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးအဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့သည်ဟုဆိုထားသည်။
ထို့အပြင်လက်ရှိ စစ်ကောင်စီသည်လေကြောင်းဖြင့် လက်နက်ကြီးများကို လူထုနေထိုင်ရာများအပေါ်ကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲရှောင်ပြည်သူများနေရပ်မပြန်လာနိုင်သေးကြောင်းသိရသည်။
လက်ရှိတွင် နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်တုံမြို့နယ်၊ လာရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် နေ့စဉ် စစ်ကောင်စီနဲ့ တအောင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွါးနေပြီး စစ်ကောင်စီမှ ထိုမြို့နယ်ပေါ်ကို လေကြောင်းနှင့်လက်နက်ကြီးဖြင့်အများဆုံး ၁၈ ကြိမ်အထိ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ရှမ်းမြောက်ညီနောင် ၃ဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ AA တို့သည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ၁၀၂၇ စစ်ဆင်ရေးကို လုပ်ဆောင်လာသည်မှာ ၂ လအတွင်းတို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *