ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊၂၀၂၃
ကန်အတွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများစိုးရိမ်နေ ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ‌တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း‌ပေါ်ရှိ မြကန်သာရေကန်ကို ယခုအခါ အသစ်မွမ်းမံဆောက်လုပ်နေပြီး ရေကန်ပတ်လည်တွင် ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းကြောင့် ကန်အတွင်းရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း တောင်ကြီးမြို့ဒေသခံများက ယနေ့ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ပြောဆိုသည်။
မြကန်သာရေကန် အသစ်မွမ်းမံဆောက်လုပ်ခြင်းနှင့် ကန်ပတ်လည်တွင် ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းများကို ဒေသခံလူထု၏ဆန္ဒ နားထောင်‌ပေးပြီးမှ လုပ်စေချင်ကြောင်း ဒေသခံများက ပြောဆိုသည်။
“အဓိကကတော့ဗျာ ဒီကိစ္စကို ‌တောင်ကြီးမြို့သူ/သားတွေရဲ့ ဆန္ဒကိုတော့ သူတို့အနေနဲ့ နဲနဲနားထောင်ပြီးမှပဲ လုပ်စေချင်တယ်ဗျ၊ အခုကတောင်ကြီးသားတွေရဲ့ ဆန္ဒပေါ်မူတည်ပြီး လုပ်တာမဟုတ်တော့ ဒီလိုကိစ္စတွေကမ‌ကောင်းဘူးဗျ” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
‌တောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် ရေအခက်အခဲများရှိသောကြောင့် ‌ရေအရင်းအမြစ်များ ရရှိသည့် မြကန်သာရေကန်ပတ်လည်ကို ဆိုင်ခန်းများဆောက်လုပ်ထားရှိခြင်းကြောင့် ကန်တွင်းရှိရေများ ညစ်ညမ်းသွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း ဆိုသည်။
“‌တောင်ကြီးမြို့ဒေသခံအနေနဲ့ အဲ့ဒီကန်ကို အခုလိုမျိုးဆိုင်ခန်းတွေထားတာထက်စာရင် အရင်လိုမျိုးသစ်ပင်တွေပဲရှိစေချင်တယ်၊ ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ပေါ့ဗျာ ပြီးတော့ ခုလိုစီးပွားရေးနေရာ အဖြစ်သုံးတာ ကျွန်‌တော့်အနေနဲ့ မနှစ်မြို့လိုဘူး” ဟု ၎င်းက ဆက်ပြောသည်။
မြကန်သာကန်သည် တောင်ကြီးမြို့လယ်ခေါင်၏ နေရာတစ်ခုဖြစ်သည့်အတွက် ဆိုင်ခန်းများရှိလာသည့်အခါ ယာဥ်ကြောပိတ်ဆို့မှုများဖြစ်လာနိုင်ပြီး ထိုနေရာအရှေ့ဘက်တွင် စာသင်ကျောင်းလည်း ရှိပြီး ကလေးများအတွက် သွားလာ‌ရေး အခက်အခဲဖြစ်လာနိုင်ကြောင်း မြို့ခံတစ်ဦးက ဆိုထားပါသည်။
ယခုအချိန်ထိ မြန်ကန်သာရေကန်သည် ဆောက်လုပ်နေဆဲဖြစ်သော်လည်း ယမန်နေ့ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ကန်ဖွင့်ပွဲကျင်းပခဲ့ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *