ခမ်းသားငေါဝ်း
ဒီဇင်ဘာလ ၁၇၊၂၀၂၃
မူးယစ်ဆေးဝါးသုံးစွဲသူ၊ ဆေးကြောင်သူပိုမိုများပြား လာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှုများလာပြီး ပြည်သူများလုံခြုံမှုမရှိတော့ကြောင်း ဒေသခံ များထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ယခုရက် ပိုင်းအတွင်း မူးယစ်ဆေးသုံးစွဲသူ ဆေးသမားများက နေအိမ်ဖောက်ထွင်း ပြည်သူ၏ စည်းစိမ် ဥစ္စာခိုးယူမှုများရှိနေကြောင်း ပင်လုံမြို့ခံ အမျိုးသားတစ်ဦးထံမှသိရသည်။
“ကျွန်တော့်ကိုယ်တိုင်ကဝယ်ထားတဲ့အိမ်ရှိတယ်၊ လူမနေတော့ လျှပ်စစ်မီးဆားဗစ်ကြိုးကို လာဖြုတ်သွားတယ်လေ၊ နောက်ဟိုနေ့လည်း ကားရပ်ထားတာ လူမနေဘူး အဲ့ဒါလည်း ဘတ်ထရီအခိုးခံရတာ ။ သူခိုးကတော့ ခိုးပြီးဆို မိဖို့လည်း မလွယ်ဘူးဗျ ။ ဆိုင်ကယ်လည်းပျောက်ကြတယ်၊ သူခိုး တအား သောင်းကျန်းနေတယ်အခု ပင်လုံမှာ” ဟု ပစ္စည်းခိုးခံရသူ မြို့ခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ရက်ပိုင်းအတွင်း အိမ်သုံးမီးတာများ လျှပ်စစ်မီးဆားဗစ်ကြိုးများအခိုးခံရသော လူနေအိမ်များသည် ၆ အိမ်ထိရှိလာပြီး ပြည်သူ၏ ရပ်ထားသောကားကိုလည်း ကားဘတ်ထရီအလုံးလိုက်ခိုးဖြုတ်ခြင်း ၊နေအိမ်အတွင်း ပေါပေါတင်တင် ဆိုင်ကယ်များဝင်တွန်းခိုးယူခြင်း ရှိနေကြောင်းသူကဆက်ပြောသည်။
ထိုသူခိုးများသည် မြို့၏အနောက်ဘက်ရှိ သင်္ချိုင်းကုန်းနှင့် ရှမ်းတိုင်းရင်းသား သင်္ချိုင်းကုန်း၏ ဇရပ်အတွင်းတို့တွင် နေထိုင်ကျက်စားကြပြီး ညလူတိတ်ဆိတ်သည့်အချိန်တွင် မြို့တွင်းဝင်လာပစ္စည်းများခိုးယူရောင်းစားကြသည်ဟုသိရသည်။
“ဆေးစွဲတဲ့လူတွေပေါ့ဗျာ၊ နောက်သူတို့က ဖမ်းတဲ့လူမရှိတော့ ပိုဆိုးတယ်။ အခုဆေးသမားအဖွဲ့တွေက သင်္ချိုင်းကုန်းမှာပဲ သွားနေနေကြတာလေ၊ သူတို့က ညညဖက်မှာ လာခိုးတယ်၊ လူမရှိတဲ့ချိန်ဆို အကုန်လိုက်ဖြုတ်နေတာ အိမ်အတွင်းဝင်မွေတာလည်းရှိတယ်၊ တချို့အိမ်တွေကြတော့ အခိုးခံရတာပေါ့၊ ပေါ်တင်ကြီး တစ်ခါတလေ လူက မသိလိုက်တဲ့ချိန် ဆိုင်ကယ်တောင်ဝင်တွန်းသွားတာပဲ ”ဟုပြောသည်။
ပင်လုံမြို့ရှိခိုးဆိုးလုယက်ဆေးသမားအဖွဲ့သည် အုပ်စုလိုက်နေပြီး ခိုးဆိုးလုယက်မှုပြုလုပ်သော် လည်း ဌာနဆိုင်ရာတာဝန်ရှိလူကြီးများက ထိရောက်စွာအရေးမယူနေကြောင်းသိရသည်။
၂၀၂၃ နှစ်အစောပိုင်း၌လည်း လူမှုကူညီရေးအသင်း (ပရဟိတ)ကား၏ ဘတ်ထရီများနှင့် အသင်း၏အောက်စီဂျင်ဗူးများခိုးယူရောင်းစားခဲ့သလို လူတိတ်သည့် လမ်းနေရာတွင် သွားလာသည့် အမျိုးသမီးအချို့ကို ဖုန်းနှင့် ဆိုင်ကယ်၊ ငွေတို့ကို လုယက် ဓားပြတိုက်မှုများလည်း ဖြစ်ပွားခဲ့ဖူးသည်။

Leave a Reply

Your email address will not be published. Required fields are marked *