ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊၂၀၂၃
ပအိုဝ်းတိုင်းရင်းသူ ၃ ဦးသည် မလေးရှားနိုင်ငံရှိ HELP University တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ပညာရေး ဒီပလိုမာ ရယူနိုင်ခဲ့ကြောင်း မလေးရှားရောက် ပအိုဝ်းလူငယ် ခွန်စိုးသူထံမှ သိရသည်။
အဆိုပါ ၎င်းတို့ ၃ ဦးသည် ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြသူများဖြစ်ပြီး နင်ꩻဖြူစင်သည် ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု နောင်တောင်းရွာရှိ ဦးမျိုးထွန်း+ဒေါ်နန်းပဉ်းတို့၏သမီး၊ နင်ꩻချိုမာဝင်းသည် ပင်လောင်းမြို့နယ် ဘန်းဖြားကျေးရွာအုပ်စု ဘန်းဖြားရွာရှိ ဦးဉာဏ်+ဒေါ်နန်းထုပ်၏သမီး၊ နင်ꩻမတုတ်သည် ဆီဆိုင်မြို့နယ် ပုံလောဝ် ပါလောပါကယ်ကျေးရွာအုပ် စု တောင်တီရွာ(ခ)ခြုံဝွုန်ရွာရှိ ဦးခွန်မောင်မတ်+ဒေါ်နန်းခွုန်၏သမီး တို့ဖြစ်ကြသည်။
“ မလေးရှားမှာ အခုလိုဘွဲ့ရတာကို ပအိုဝ်းတိုင်းရင်း သားမှာ ဒါပထမဆုံးမြင်ရတယ်ပေါ့နော်။ အခြားအခြားတိုင်းရင်းသားလူမျိုးတွေတော့ရှိတယ်၊ အခုလိုကိုယ့်ပအိုဝ်းလူမျိုးသူများနိုင်ငံမှာ ဘွဲ့ရတာ မြင်တွေ့ရတာက တကယ်ဂုဏ်ယူတယ်၊ ထပ်တူ အတိုင်းထက်အလွန်ဝမ်းသာမိတယ်၊” မလေးရှားရောက် ပအိုဝ်းလူငယ် ခွန်စိုးသူက ခမ်းသားငေါဝ်း ကိုပြောသည်။
ဆရာတော်နှင့် မိဘဆွေမျိုးများ၏ အားပေးမှုကြောင့် ယခုကဲ့သို့ လူငယ်များ ပြည်ပထိပညာတော်သင်ယူနိုင်သလို ဘွဲ့များရရှိလာကြပြီး နောက်နောင် ပအိုဝ်းလူငယ်များ ပညာရေးပိုမိုထူးချွန်အောင် ဘွဲ့ရပညာတတ်များပေါ်ထွန်းလာအောင် အားနည်းနေသည့်လူငယ်၏ ပညာရေးကို ဆရာတော်များနှင့် မိဘဆွေမျိုးများ ပိုမိုအားပေးကြရန်လိုအပ်ကြောင်း သူက ဆက်ပြောသည်။
” သူတို့သုံးယောက်ကို တစ်နေ့နေ့ပေါ့ ပအိုဝ်းဒေသမှာ မတိုးတက်သေးတာတွေ လိုအပ်တဲ့ပညာရေးတွေ ပြန်လည်ပြီးတော့ သင်ကြားပေးနိုင်ဖို့ ပြန်ပြီးတော့အကျိုးပြုလာဖို့ ဆုတောင်းပါတယ်”ဟု ခွန်စိုးသူက ဆက်ပြောသည်။
ပညာရေး ဒီပလိုမာ ရယူကြသည့် ပအိုဝ်းတိုင်းရင်းသူသုံးဦးသည် ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ယူကြပြီး HELP University တွင် ဘွဲ့ရယူရန်၂၀၂၁ မှ ၂၀၂၃ အထိ ၂ နှစ်တက်ရသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ပထမ ၅ semesters ကို Online ကနေမှတစ်ဆင့် သင်ယူရပြီး နောက်ဆုံးကျန် ၂ semesters ကို မလေးရှားတွင် ၆ လကြာသင်ယူပြီး ဒီပလိုမာ ရရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ HELP University တွင် ပညာရေး ဒီပလိုမာ ရယူသည့်ပအိုဝ်းတိုင်းရင်းသားသည့် ယခု ပအိုဝ်းရင်းသူ ၃ ဦးသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *