ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာရောက် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။
အဆိုပါစစ်ရှောင်များသည် ကျေးရွာအတွင်း စီစဉ် ပေးသောအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်ပြီး အကူအညီမရရှိ‌သေးကြောင်း သိရသည်။
“ခုက ပါလာတာနဲ့ နည်းနည်းစီ ချွေတာပြီး ချက်ပြုတ်နေတယ်။ ဒါကုန်သွားရင်တော့ ဘယ်လိုလုပ်ရမယ်မသိဘူး။ ပိုက်ဆံလည်းမရှိဘူးဆိုတော့ ပါလာတာကုန်သွားရင် ဘယ်လိုလုပ်ရမယ်မသိဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
စားနပ်ရိက္ခာအပြင် စောင်များ၊ အနွေးထည်များ၊ဆေးဝါးများလည်း လိုအပ်နေပြီး အလှူရှင်များ လာရောက်ကူညီမည်ကို မျှော်လင့်‌နေရကြောင်းဆိုသည်။
“တစ်ခြားရွာတွေမှာ အကူအညီရကြတယ်။ ဒီနောင်ဝိုးတစ်ရွာဘဲ အလှူရှင်မလာတာပေါ့နော်။ ဒီမှာ နေရပ်စွန့်ခွာသူ ရှိတာကိုဘဲ မသိတာလားတော့ မသိဘူး။ အခုက အလုပ်လည်းရှားတော့ အလှူရှင်ကူညီ တာကိုဘဲ မျှော်နေမိတယ်။”ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲရှောင်ပြည်သူများသည် ဖယ်ခုံ၊လွိုင်ကော်မြို့နယ်မှ ဒေသခံများဖြစ်ကြပြီး ၁၁၁၁ စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် တိမ်းရှောင်လာသည့် ဒေသခံများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် လှူဦးရေ ၁၀၀ နီးပါးရှိပြီး အများစုတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ဖြစ်ကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် ကရင်နီဒေသမှ ရောက်ရှိလာသည့် စစ်ရှောင်၂ သောင်းနီးပါးရှိပြီး စစ်ရှောင်စခန်း ၃၀ ကျော်ရှိကာ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ၊ အနွေးထည်များ၊ ဆေးဝါးများလူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *