ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၆၊၂၀၂၃
နမ်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်မြှောက်ပိုင်း နမ်ဆန်မြို့ကို တအာင်းတပ်မတော် TNLAက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရသည်။
နမ်ဆန်မြို့ကို ၆ ရက် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးခံတပ်ဖြစ်သည့် ဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“လောလောဆယ်တော့ စခန်းတွေအကုန်လုံးသိမ်းပြီးပြီဗျ ဒါပေမယ့် ရှင်းလင်နေတုန်းဆိုတော့ တိမ်းရှောင်တဲ့ မြို့ခံတွေက မပြန်နိုင်သေးဘူးဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရပြီး နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
“အရပ်သား ၄ ယောက်လို့ ပြောပါတယ်။ ကျနောက တစ်ယောက် မြင်လိုက်ရတယ်။ မြို့အနှံ့တော့ မသွားရသေးဘူးဗျ” ဟု ၎င်းက ဆက်ပြောသည်။
ယခုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခြင်း၊လက်နက်ကြီး ပစ်ခတ်ခြင်းများ ဆက်လက်ပြုလုပ် နေဆဲဖြစ်ကြောင်း ဆိုသည်။
ပုံ- ရွှေဖီမြေ