ခမ်းသားငေါဝ်း၊
ဒီဇင်ဘာ ၂၁၊၂၀၂၃
ရွှေပြည်သာရပ်ကွက်အတွင်းတွင်မူးယစ်ဆေးဝါးရောင်းချပေးမှုပေါများနေပြီး ဆယ်ကျော်သက် လူငယ်အများစု ဆေးစွဲနေကြကာ သူခိုးဘဝရောက်ကြရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ဆေးသုံးနေသည့်ကလေးများကို ဆေးရောင်းဝယ်သူက ရပ်ကွက်အတွင်း သူတစ်ပါးပစ္စည်းခိုးရန်စေခိုင်းပြီး ခိုး၍ရလာသော ပစ္စည်းများကို စိတ်ကြွဆေးပြားများနှင့်အလဲလည်လုပ်ကာ အသုံးပြုသုံးစွဲနေကြကြောင်း ဆိုသည်။
“ညီမတို့ရပ်ကွက်က သားမွေးထားတဲ့အိမ်တိုင်းနီးပါး ဆေးစွဲကုန်ကြတယ်၊ အရွယ်လေးတွေက ၁၃၊ ၁၄။ နှစ်လူငယ်တွေကိုကျတော့ သူတို့ရောင်းပေးတာထက် အလကားပေးပြီး ခိုးခိုင်းတာ ပစ္စည်းနဲ့လဲတဲ့သဘောပေါ့၊ အဓိကကအဲ့ဆေးအရောင်း အဝယ်ကို မထိန်းပေးရင်တော့ လူငယ်တွေလည်း အညွှန့်ကျိုးပီး မိဘတွေက သားသမီးကို ပြန်ကြောက်နေရတယ် ”ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းချမှု ပေါ်ပေါ်တင်တင်ဖြစ်ပွားနေခြင်းကြောင့် ကလေးသူငယ်များ အလွယ်တကူဝယ်ယူနိုင်ပြီး ပိုက်ဆံ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်ရှိရုံနှင့်တင် စိတ်ကြွဆေးပြား မူးယစ်ဆေးဝါးကို ဝယ်ယူနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
လူငယ်များဆေးသုံးစွဲမှု ပျောက်ကင်းအောင် တာဝန်ယူဆောင်ရွက်ပေးသော လူကြီးများအားနည်းနေပြီး အချို့က ဌာနဆိုင်ရာရဲကို တိုင်ကြားခြင်းများပြုလုပ်သော်လည်း အရေးယူတားဆီးခြင်းမရှိကြောင်း ဒေသခံများပြောဆိုသည်။
ဆေးသုံးစွဲသူများလာခြင်းကြောင့် ရပ်ကွက်တွင်းနေထိုင်သောပြည်သူ၏ နေအိမ်အတွင်း တန်ဖိုးရှိပစွည်းများနှင့် ပိုက်ဆံသိန်းချီ အခိုးခံရမှုများရှိသလို ရပ်ကွက်ခံများမှာ ဘိန်းစားများ၏ ရန်ပြုမူလာမည်ကိုစိုးရိမ်ကြောက်လန့် နေရသဖြင့် မပြောရဲ မဆိုရဲပဲငြိမ်နေကြရကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့၌လည်း လူနေအိမ်တစ်အိမ်အတွင်း ကားဂီယာဘောက်နှင့် အဝတ်ချုပ်စက်တစ်လုံး (ကာလငွေတန်ဖိုး ဆယ်သိန်းကျော်)အခိုးခံရကြောင်း သိရသည်။
ပင်လုံမြို့ခံတစ်ဦးကလည်း “၁၃နှစ်အရွယ်ကနေ လူကြီးတွေအထိပဲ။ မိဘတွေက အသက် ၆၀ကျော်နဲ့ အလုပ်ကြမ်းလုပ်ပြီး သားဖြစ်သူကို တစ်ရက်ဘယ်လောက်ဆိုပြီး ပြန်ပေးနေရတာ၊ လောင်းကစားနဲ့ ဆေးအရောင်းအဝယ်တွေနဲ့ အရမ်းများတော့ လူငယ်တွေက အပျော်ကနေ အပျက်ဖြစ်ကုန်တာ၊”ဟုပြောသည်။
ပင်လုံမြို့တွင် လူငယ်များ၏ အနာဂတ် ဘဝပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်း သုံးစွဲခြင်းကို ထိထိရောက်ရောက် အရေးယူပေး စေလိုကြောင်း ဒေသခံများကဆန္ဒရှိကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *