ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊ ၂၀၂၃
စံကားအင်း‌ဒေသတွင် ပြောင်းသီးနှံရိတ်သိမ်းချိန်၌ စက်သုံးဆီများ လိုသလောက်ဝယ်ယူ၍မရသည့် အတွက် ဒေသခံများအခက်ကြုံနေရကြောင်း ဒေသခံများထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် စက်သုံးဆီများလိုအပ်သလောက်ဝယ်ယူ၍မရဘဲ ဒေသခံများအခက်ကြုံနေရကြောင်း ဒီဇင်ဘာလ (၂၀)ရက်နေ့တွင်သိရသည်။
“ဓာတ်ဆီတွေတော့ဝယ်ရခက်တယ် ကိုယ်သုံးဖို့အတွက် ကားဆိုကား ဆိုင်ကယ်ဆိုဆိုင်ကယ်ပေါ့ အဲလိုဝယ်ရင်တော့ရတယ်၊ ပုံးအလိုက် ပေပါအလိုက်ဝယ်ရင်တော့သူတို့ပေးမဝယ်ဘူး” ဟုစံကားအင်း ဒေသခံတစ်ဦးကပြောသည်။
စံကားဒေသ ဘက်တွင် စက်သုံးဆီရောင်းချရာတွင် စျေးတည်ငြိမ်မှုမရှိဘဲ အဝယ်များလျှင်စျေးတင်ရောင်းပြီး အဝယ်နည်းလျှင်စျေးလျော့ရောင်းခြင်းပြုလုပ်ကြကြောင်းသိရသည်။
“ဆီရောင်းတဲ့သူတွေက မနက်ပိုင်းဆိုတမျိုး ညနေ ခင်းပိုင်းဆိုတမျိုးရောင်းတယ်၊ လာဝယ်တဲ့သူများတဲ့ချိန်ဆိုရင် ဈေးတင်ပြီးရောင်းတယ်တစ်လီတာ(၄၀၀၀)ပေါ့၊ လူနည်းတဲ့ချိန်ဆိုရင် ဈေးလျှော့ပြီးရောင်းတာသူတို့က တစ်လီတာ(၃၅၀၀)ပဲ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
စံကားဒေသဘက်တွင် ကရင်နီပြည် ဘက်လမ်းပေါက်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ထံဆီ ပို့ဆောင်မည့်ဟုယူဆ၍ဆီမရောင်းပေးခြင်းဖြစ်နိုင်သည်ဟုဒေသခံများကသုံးသပ်ပြောဆိုကြသည်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “ကျွန်တော်ထင်တာကတော့ သူတို့ပေးမဝယ်တာက တောင်ဘက်ကို သွားပို့မယ်လို့ပဲထင်တယ်ဗျာ့၊ ရှင်းရှင်းပြောရင် သူတို့က PDFကို သွားပို့တာ သူတို့အဲလိုထင်တာထင်တယ်၊ ကျွန်တော်တို့လည်းမေးဖို့မသင့်ဘူးလေနော အလိုမျိုးကြောင့်ထင်တယ်ဗျာ့” ဟုပြောသည်။
စက်သုံးဆီဝယ်ရန်အခက်အခဲရှိခြင်း ဈေးကြီးခြင်းများကြောင့် ပြောင်းဖူးချွေချိန် စက်သမားများငှါးသည့်အခါ၌ ယခင်ကပြောင်းတစ်အိတ်လျှင် (၃၀၀)ကျပ်ပေးရ​သော်လည်း ယခုအခါ၌ ပြောင်းတစ်အိတ်လျှင် (၄၀၀/၅၀၀)ကျပ် အထိပေးနေရကြောင်းသိရသည်။
ပြောင်းစျေးမရှိလျှင် အလုပ်သမားခ၊ စက်ငှားခနှင့် ဘယ်လိုမှတွက်ခြေမကိုက်တော့ကြောင်းသိရသည်။
စံကားဒေသတွင် အဓိက ပြောင်းကိုစိုက်ပျိုးလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုသည့် ဒေသဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *