ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊ ၂၀၂၃
စားနပ်ရိက္ခာ သယ်ယူခွင့်ပိတ်ထားခြင်းကြောင့်ညောင်ရွှေမြို့နယ် စံကားဒေသသို့ရောက်ရှိလာသည့်စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိစစ်ရှောင်များအတွက် ထောက်ပံ့ကူညီမှုများ မရှိသည့်အပြင် သွားလာရေးလည်း အလွန်ခက်ခဲကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ရှောင်ကူညီသူထံသိရသည်။
“ မှော်ဘီဂိတ်က ဘာပစ္စည်းမှကို မပေးဖြတ်ဘူး။ ဆီတို့ ဆန်တို့လည်း မရဘူး အခုဆိုရင် ရွာသားအချင်း ချင်းပဲ ကူညီပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတာ။ အလုပ်အကိုင်ကလည်း မလွယ်ကူဘူးလေ” ဟု စစ်ရှောင်ကူညီသူမှပြောသည်။
လက်ရှိ ထောက်ပံ့ကူညီသည့်အဖွဲ့အစည်းများလည်း မရှိသလို အသွားအလာ လုံခြုံရေးကိုလည်း စိုးရိမ်နေရကြောင်းသိရသည်။
ဆောင်းတွင်းကာလဖြစ်သည့်အတွက် စောင်နှင့်အနွေးအထည်များလည်းလိုအပ်နေကြောင်းသိရသည်။
“စားဖို့ဆန်တွေ ဆီတွေက အဓိကလိုတာပေါ့ နောက်တစ်ခုက ဆောင်းတွင်းရောက်တော့ အရမ်းအေးတယ်။ စောင်တွေ အနွေးထည်တွေ ခြင်ထောင်တွေလိုအပ်တယ်” ဟု စစ်ရှောင်ကူညီသူက ပြောသည်။
စံကားဒေသ ကုန်းသာဘုန်းကြီးကျောင်းနှင့် လင်လမ်ဘုန်းကြီးကျောင်းတွင် နေရပ်စွန့်ခွာသူ စစ်ရှောင် သုံးရာကျော်ရှိကြောင်းသိရသည်။
လက်ရှိ ညောင်ရွှေမြို့နယ်တွင် စစ်ရှောင်ဦးရေတစ်သိန်းကျော်ရှိပြီး အများစုသည် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့တို့မှ ဒေသခံများဖြစ်ကြပြီး အများစု သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေး၊ မသန်စွမ်းများဖြစ်ကြ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *