ခမ်းသားငေါဝ်း၊
ဒီဇင်ဘာ ၁၆၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီတပ်သားမှ အရပ်သား၂ ဦးကို ဝိုင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ‌ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ထူးချွန်ကိုယ်ပိုင်ကျောင်း အနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သား ၂ဦးကို ဝိုင်းပစ်ခတ်ပြီး သေဆုံးခဲ့ကြောင်း ဆိုသည်။
“အရပ်သား၂ဦးကို စစ်ကောင်စီတပ်က ဝိုင်းပစ်တာ ၂ ယောက်စလုံးသေသွားတယ်။ Martial Law ကြောင့် လို့တော့ထင်တယ်။ ည ၇ နာရီခွဲအခချိန်ဆိုတော့လေ။ အခုသေသွားတဲ့သူတွေက ဘယ်သူဘယ်ဝါဖြစ်ကြောင်းမသိရသေးဘူး။ အလောင်းပိုင်ရှင်လည်းမသိရသေးဘူး။”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ခဲ့သော်လည်း ကွတ်ခိုင်မြို့အတွင်းတွင် ၂၄ နာရီလောင်းကစားဝိုင်း ဖွင့်လှစ်ထားမှုရှိနေကြောင်း ၎င်းကဆက်ပြောသည်။
ကွတ်ခိုင်မြို့သည် စစ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက် ပိုင်း စစ်ကောင်စီက ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ Martial Law အမိန့်ထုတ်ထားပြီး ယနေ့အထိရှိနေသဖြင့် မြို့ခံအရပ်သားပြည်သူများအတွက် အခက်အခဲဖြစ်ရ‌ကြောင်း ဆိုသည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့ MNDAA၊TNLA၊AA တို့ ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်နေ့တွင် တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့တွင် လျို့ဝှက်တွေ့ဆုံဆွေးနွေးပြီး ဒီဇင်ဘာလကုန်ထိ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထား‌ ကြောင်း သိရသည်။