ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊၂၀၂၃
စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီး ပစ်ခက်တိုက်ခိုက်မှုကြောင်း တစ်ရက်အတွင်း အရပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ရေးအတွင်း စစ်ရေးနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ကလေကြောင်းနှင့် လက်နက်ကြီး အားကိုးပြီး အနိုင်ကျင့် သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း ဒီဇင်ဘာလ ၁၉ ရက်တွင် ရှမ်းမြောက်ညီနောင် ၃ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး ၅၃ ရက်မြောက် နေ့တွင် ထုတ်ပြန်ထားပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် စစ်ကောင်စီတပ်မှ တအောင်းဒေသ နမ့်ဆန်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံရှေ့ လမ်းမကြီးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မန်လုံးရွာ ဒေသခံ ၁ ဦး နှင့် ဇယ်ဘန်ကောက်ရွာ ဒေသခံ ၃ ဦး သေဆုံးခဲ့ရကြောင်း ဆိုထားပါသည်။
ထို့အပြင် ဟူးကွက်ရွာကိုလည်း လေကြောင်းဖြင့် လက်နက်ကြီး ၅ ကြိမ် ပစ်ခတ်သောကြောင်း ဟူးကွက်ကျေးရွာ ဒေသခံ ၂ဦး သေဆုံးခဲ့ရပြီး နေအိမ်အလုံး ၂၀ ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှမ်းမြောက်ညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
စစ်ကောင်စီတပ်က ဆက်လက်ပြီး နမ့်ဆန်မြို့ရှိ ဆွယ်ဟိန်းကုမ္မဏီ လက်ဖက်စက်ရုံကုန်း၊ ဒုက္ခသည်စခန်းနှင့် ပန်နင်ကျေးရွာလမ်းခွဲတွင် လက်နက်ကြီးဖြင့် ၃၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် စစ်ဘက်နှင့် မသက်ဆိုင်သော အရပ်သားပြည်သူလူထုများအပေါ်ကို စားနပ်ရိက္ခာ၊ ဆေးဝါးများ ဖြတ်ထောက်ခြင်း၊ ပြည်သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို အတင်းအဓမ္မလုယူခြင်းများကိုလည်း လုပ်ဆောင်လာသည်ဟု ရှမ်းမြောက်ညီနောင် ၃ဖွဲ့မှ ဆိုထားသည်။
လက်ရှိတွင် ရှမ်းမြောက်ညီနောင် ၃ဖွဲ့မှ စစ်ကောင်စီတပ် နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းဖြင့် ဗုံးကြဲမှုများ နေ့စဉ်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီသည် ရှမ်းမြောက်ညီနောင် ၃ဖွဲ့ကို ပြည်သူလူထုအမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ပြည်သူများကို ထပ်မံအသိပေးထားကြောင်း ထုတ်ပြန်ထားပါသည်။
ပုံ-ရှမ်းမြောက်ညီနောင် ၃ဖွဲ့

You missed