ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ များလာသဖြင့် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်းရှိ ကုတင်(၁၀၀)နှင့် အရံကုတင်(၂၅)ခန့်ရှိသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ယနေ့အထိ မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ၊ ပိုးထိလူနာများနှင့် မွေးလူနာများအပါအဝင် နေ့စဥ်များလာနေပြီး တဖက်တွင်လည်း ဆေးဝါးသယ်ဆောင်မှုအခက်ခဲရှိ‌ နေသောကြောင့် ဆေးရုံတွင်ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။
ကွတ်ခိုင်မြို့တွင် စစ်ရေးပဋိပက္ခအရှိန်အဟုန်မြင့်လာခြင်းနှင့်အမျှ Martial Law အမိန့်စာကြောင့် ဆေးဝါးသယ်ဆောင်ရန် အခက်ခဲရှိသလို အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ လျှပ်စစ်မီးပုံမှန်မလာခြင်းများကြောင့် အခက်ခဲပိုကြုံ‌တွေ့ရသည်ဟုဆိုသည်။
” ဆေးဝါး သယ်ယူပို့ဆောင်ရေးက အဆင်ပြေဘူး။ အခုက ဒီကွတ်ခိုင်တစ်ကြောလုံးမှာ ကွတ်ခိုင်ဆေးရုံပဲရှိတယ် အခြားမှာမရှိတော့ဘူး ပင်မ လိုဖြစ်နေပြီ ။ အခြားမြို့ ကျန်တဲ့ဆေးရုံက ဝန်ထမ်းတွေလည်း အကုန်ပြေးကုန်ကြပြီ မရှိတော့ဘူး၊ ဒီမှာရှိတဲ့လူနဲ့ ဒီမှာရှိတဲ့ဆေးဝါးနဲ့ ကုနေရတာ။” ဟု နီးစပ်သည့်သတင်းရင်မြစ်တစ်ဦးက ပြောသည်။
ကွတ်ခိုင်အပါ နမ့်ဖက်ကာ၊ မိုင်းယုလေး၊ တာမိုးညဲ၊ မုံးစီး၊ ကာလိုင်၊ သိန္နီ၊ နမ့်စလပ်ဘက်မှ ဒေသခံများသည် မိုင်းနှင့် လက်နက်ကြီး‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများက ကွတ်ခိုင်ပြည်သူ့ဆေးရုံကိုသာ အားကိုးလာရောက်ကုသကြသည်ဟု သူကဆက်ပြောသည်။
ထို့ပြင် လျှပ်စစ်မီးပုံမှန်မလာသဖြင့် ဆေးရုံတွင် ဆရာဝန်များက ခွဲစိတ်ကုသရန် လိုအပ်သည့်အခါ နှင့် လက်နက်ကြီးစထိမှန်လူနာများကို အော်ပရေးရှင်း ဝင်နိုင်ရန် မီးစက်နိုးပြီး အသုံးပြုနေရကြောင်း ဆိုသည်။
ကွတ်ခိုင်မြို့တွင် ပြည်သူ့ဆေးရုံအပြင် အခြားသော ပြင်ပ ပုဂ္ဂလိကဆေးရုံ နှစ်လုံး သုံးလုံးအထိရှိနေသော်လည်း ကုသစရိတ်ကုန်ကျမှုများပြား သောကြောင့် ကျေးလက်မှ လာသည့်လူနာများအနေဖြင့် ကုသရန်မတတ်နိုင်ကြကြောင်း သိရသည်။
ဒေသခံအမျိုးသားတစ်ဦးကလည်း ”တချို့ကိုယ်ဝန်ဆောင် မိခင်တွေဆို ကြိုပြီးလာနေရတာ ဆေးရုံကို၊ ညဘက် Martial Law ထုတ်ထားတာကြောင့် ည ၆ နာရီထွက်မရတော့ ညဘက် အချိန်မတော် မွေးရင်ခက်ပြီ၊ အဲ့မှာ(ပြည်သူ့ဆေးရုံ)ဆို ဆရာဝန်တွေက သဘောကောင်းပါတယ်။ စားဖို့သောက်ဖို့ကိုပါ ဆေးရုံကနေမှတစ်ဆင့် ချက်ပြုတ်ကြွေးမွေးထားရတာ။ တချို့လူနာတွေဆိုရင် စောင်တွေ ခေါင်းအုန်းတွေ အခင်းတွေကအစ ဆေးရုံက ထုတ်ပေးရတယ်”ဟု ပြောသည်။
လက်ရှိ ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံတွင်
ရှမ်းမြောက်တစ်ခွင်ဖြစ်ပွားသည့်တိုက်ပွဲမှ
နှစ်ဘက်အပြန်အလှန် ပစ်ခတ်လက်နက်ကြီးများ၊ ထောင်ထားသောမိုင်းများကြောင့် ကလေးသူငယ်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိလူနာများ နေ့စဥ်နှင့်အမျှ တိုးပွားလာနေကြောင်း သိရသည်။
ဓါတ်ပုံ-ရွှေဖီမြေ

Leave a Reply

Your email address will not be published. Required fields are marked *