ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ခြံယာမသွားရဲ ဖြစ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဗန်းမောက် ကျေးရွာအနီးတစ်ဝိုက် ပြီးခဲ့သည့်နိုဝင် ဘာလတွင် တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီး‌နောက် ဖယ်ခုံရှိ စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယခု ဒီဇင်ဘာလ ၄ ရက်နေ့တွင် တိုက်ပွဲ ပြန်လည် ပြင်းထန် နေကြောင်း ဆိုသည်။
” အရင်က တိုက်ပွဲမဖြစ်ဘူး ညဖက် လက်နက်ကြီးအသံကြားတာ‌ ရွာနားလက်နက်ကြီးကျတာ လောက်ဘဲရှိတယ်။ ခုက တိုက်ပွဲပါဖြစ်တယ်။စဖြစ်တဲ့နေ့ဆို ခြံကနေ ရွာကို ချက်ချင်း ပြေးပြန်ခဲ့ရတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဗန်းမောက် ရွာတောင်ဖက်နှင့်အ‌နောက်ဖက် တောင်ယာများထဲတွင် တိုက်ပွဲပြင်းထန်နေသော ကြောင့် ဒေသခံတောင်သူများက ခြံယာမသွားရဘဲ အခက်ခဲကြုံတွေ့နေကြရကြောင်း ဆိုသည်။
“စိုက်ထားတဲ့ ပြောင်းတွေ ခုက ချိုးရမဲ့အချိန် ရောက်ပြီရော။ တစ်ချို့က မချိုးရသေးတော့ ကိုယ့်ခြံကို ကိုယ်စိတ်ပူကြတယ်။အခုက ဆောင်းရာသီရောက်ပြီဆိုတေ့ာ တောမီးထဲပါမှာကို စိုးရိမ်ရတယ်။”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဗန်းမောက်ကျေးရွာသည် ပင်လောင်း-ဖယ်ခုံနယ်စပ်တွင်ရှိပြီး အိမ်ခြေ၂၀၀ ကျော်ရှိကာ ကရင်နီ တိုက်ပွဲရှောင်ပြည်သူတစ်ထောင်ကျော် လာရောက်ခိုလှုံ သည့်ရွာဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ၂၆ ရက်နေ့တွင်လည်း ဗန်းမောက်ရွာ တောင်ဖက် မိုင်းဖြတ်ရွာတွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *